Covid-19 virus အား Biblical Ethics မှ ဘယ်လို နားလည်နိုင်မလဲ?

အခုဆို ကျွန်တော်တို့ US မှာလဲ ကိုရိုနာ ဗိုင်းရတ်စ်ပျံ့ပွားမှုဟာ တဟုန်ထိုးမြင့်တက်လာနေလျက်ရှိတယ်။ ထို့အတူ ကျွန်တော်တို့ ခရစ်ယာန် ယုံကြည်သူတွေထဲမှာလဲ ကိုရိုနာဗိုင်းရတ်စ်ကြောင့် ခရစ်ယာန် နီတိ နဲ့ ယုံကြည်ခြင်းဆိုင်ရာများကြား၌ မေးခွန်းထုတ်စရာများ ကြုံတွေ့လာနေတယ်။ ဥပမာ- COVID-19 ကြောင့်

- အသင်းတော် စည်းဝေးခြင်းတွေ ဖျက်ကြမလား? ဖျက်ရင် ဘုရားကို မယုံကြည်ရာ ရောက်မလား? 
- မယုံကြည်သူ လူထုဝန်းကျင်ထဲ ဧဝံဂေလိဟောပြောမှုတွေ ဖျက်ကြမလဲ? ဖျက်ရင် ခရစ်တော်ရဲ့ မဟာစေခိုင်းချက် နုတ်ကပတ်တရားကို မလိုက်နာရာ ရောက်မလား? 
- ဖျားနာသူ ယုံကြည်သူတွေကို သွားရောက်မေတ္တာပြ ဆုမတောင်းပေးတော့ဘူးလား? ဒါဆို ကိုယ်နှင့် စပ်ဆိုင်သူကို ကိုယ်နှင့်မျှချစ် ဆိုတဲ့ ကျမ်းစကားနဲ့ ဆန့်ကျင်နေပြီလား? 

အစရှိသဖြင့် ယုံကြည်ခြင်းနှင့် လက်တွေ့ ခရစ်ယာန် နီတိ ကြား၌ ဒွိဟဖြစ်စရာများ ကြုံတွေ့နေရလျက်ရှိတယ်။ 

ဒါဆို ဒီမေးခွန်းများနှင့်ပက်သက်ပြီး သမ္မာကျမ်းစာက ဘာပြောသလဲ? Biblical Ethics ကနေ ဘယ်လို နားလည် ကျင့်ဆောင်ကြမလဲ!
ကျွန်တော် လေ့လာမိတာကို ဆွေးနွေးပါ့မယ်။

Biblical Ethics မှာ အဓိကအားဖြင့် ထောင့် (၄) ထောင့်ရှိတယ်။ Motive/Means/Results/and Consequences တို့ဖြစ်ပါတယ်။ ခရစ်ယာန် နီတိဆိုင်ရာ issues တိုင်းကို ဒီထောင့် (၄)ထောင့်ကနေကြည့်ပြီး သမ္မာကျမ်းဘောင်အတွင်းကနေ ဆန်းစစ် ဖွင့်ဆိုဖော်ထုတ်အဖြေညှိယူရခြင်းဖြစ်တယ်။ 

(၁) COVID-19 ရောဂါကူးစပ်ခံနေရလျှင် ဘုရားကျောင်းသွားသင့်သလား? ဘုရားကျောင်းကရော် ထိုသူကို လက်ခံသင့်ပါသလား ? 
ဒါကို Biblical Ethics ကနေ ဘယ်လို ရှု့မြင်မလဲ? 

ရောဂါရှိမှန်း သိသိနဲ့သွားတာလား? မသိဘဲနဲ့သွားတာလား? အသင်းတော်ကရော် သိသိနဲ့ လက်ခံတာလား? မသိဘဲ လက်ခံတာလား? 

ဒီမေးခွန်းတွေကို သေခြာဆင်ခြင်ကြည့်ပါ 
Motive/means/results/consequences တို့ရဲ့သက်ရောက်မှုတွေကိုတွေ့ရလိမ့်မယ်။

COVID-19 ရှိနေသူ ဘုရားကျောင်းသွားရခြင်း

motive က - ဘုရားကို ဝတ်ပြုဖို့ ဖြစ်တယ်
Means က - ကြည့်စမ်း ဖျာနားနေရင်တောင် ဝတ်ပြုမပျက်ရှာဘူး ယုံကြည်ခြင်း ကြီးလိုက်တာလို့ အဓိပ္ပာယ်ထွက်တယ်... 

Motive and means (၂) ခုလုံးကောင်းနေတယ်

ဒါပေမဲ့ motive မှန်တိုင်းကရော် means အကောင်းထွက်နေလဲဘဲ results and consequences ကောင်းတွေ ဖြစ်ပေါ်စေသလား? 

သမ္မာကျမ်းစာမှာ motive နဲ့ means ကောင်းနေရင်လဲဘဲ results and consequences ကောင်းတွေမဖြစ်လာတဲ့ biblical narratives တွေအများကြီးရှိပါတယ်။ 

ဥပမာ- ကာဣန ပူဇော်သက္ကာလိုမျိုး
Motive - ဘုရားကို ယဇ်ပူဇော်တယ်
Means - ကိုယ့်ထဲက အကောင်းဆုံး ဘုရားကို ပူဇော်တယ်

ဒါပေမဲ့ 
Results က - ဘုရားရဲ့ ငြင်းပယ်ခြင်းခံရတယ်
Consequences က - ညီအစ်ကိုအချင်းချင်းပြန်သတ်တဲ့အထိဖြစ်လာတယ်

ဆိုလိုတာက Biblical Ethics အရ COVID-19 ရှိနေသူဟာ ဘုရားကျောင်းသွားမယ်ဆိုရင် သူ့ရဲ့ motive/means မှန်နေလဲ results/consequences က မကောင်းစေပြန်ပါဘူး။

ဒါကြောင့် ဒီ issues ကို Biblical Ethics ကနေရှု့မြင်ဆင်ခြင်နိုင်မှသာလျှင် ယုံကြည်ခြင်းနှင့် လက်တွေ့ဘဝ ခရစ်ယာန် နီတိကို နှိုင်းညှိပြီး balance ညီစွာ အသက်ရှင်နိုင်ပေမည်။ 

ဒါဆို COVID-19 ရှိသူ ဘုရားကျောင်းသွားသင့်သလား? ဒီမေးခွန်းကို Biblical Ethics ကနေ ဘယ်လို ဖြေဆိုမလဲ? 

ဓမ္မသစ်ကျမ်းထဲမှာ ခရစ်တော်က မိမိ၌ ပြုစေလိုသည့်အတိုင်း သူတပါးအား ပြုကြလော့ ဟု မိန့်မြွက်ထားတယ်။

ဆိုလိုတာက ခရစ်ယာန် တစ်ယောက်သည် မိမိ right ရှိသည့်အတိုင်း မိမိကြိက်သလို လုပ်ခွင့်ရှိတယ်ဆိုပြီး မဆုံးဖြတ်သင့်ပါဘူး။ 
ဥပမာ- ကျွန်တော်နှာချေမယ်။ နှာချေချင်လို့ နှာချေခွင့် ရှိတယ်ဆိုပြီး သူများ မျက်နှာမှာ နှာချေလို့ မရပါဘူး။ ကိုယ့်အခွင့်ရှိတယ်ဆိုပြီး သူများကို ထိပါးလို့မရပါဘူး။ 

ဒါကြောင့် ၁ ကော ၆:၁၂ မှာ ခပ်သိမ်းသောအရာကို လုပ်ခွင့် right ရှိနေမယ်ဆိုရင်တောင် မလုပ်သင့်ပါဘူးတဲ့။ ဆိုလိုတာက ခရစ်ယာန် ဆိုတာ တစ်ဦးတစ်ယောက်တည်း ဖြစ်ခြင်းမဟုတ်ပါဘူး။ ခရစ်တော်ရဲ့ အင်္ဂါတော်နွယ်သားဝင် ဖြစ်ခြင်းဖြစ်တယ်။ ကိုယ်ရဲ့ right က တခြား အင်္ဂါတော်နွယ်သားဝင် ယုံကြည်သူအချင်းချင်းကို ထိခိုက်စေနိုင်သည့်အရာ ဖြစ်နေမယ်ဆိုလျှင် သင်မလုပ်သင့်ပါဘူး။ 
ထို့နည်းတူစွာ တခြား အင်္ဂါတော်နွယ်သားဝင်က သူ့ right ရှိလို့ သူလုပ်တာ ကိုယ်အပါအဝင် တခြား သူများကိုပါ ထိခိုက်စေမည့်အရာဆိုလျှင် သင်လဲ နှစ်မြို့ နိုင်မည်မဟုတ်ပါဘူး။ 

ထို့ကြောင့် ခရစ်တော်က ကိုယ်၌ သူတပါး ပြုစေလိုသည့်အတိုင်း သူတပါးအားပြုပါတဲ့။ ကိုယ်လဲ COVID-19 မကူခံချင်သလို သူတပါးအားလည်း COVID-19 မကူးစပ်စေအောင် မိမိ၏ သွား၊လာ၊ အပြုအမူ သတိပြုဆင်ခြင်ရပါ့မယ်။ 

ဒါကြောင့် ကျွန်တော့်မှာ COVID-19 ဗိုင်းရပစ်ရှိနေလျှင် ဘုရားကျောင်းသွားမှာမဟုတ်သလို.... COVID-19 ရှိနေသူသည်လည်း ဘုရားကျောင်းသို့မလာသင့်ဘူးလို့ဘဲ ကျွန်တော်ခံယူတယ်။ 

ကျွန်တော် နားလည်တဲ့ သမ္မာကျမ်းစာထဲကအဖြေတစ်ခုကတော့ သုတ္တံကျမ်း 19:2 ဖြစ်တယ်။ "Desire without knowledge is not good” (စိတ်ဝိညာဉ်သည် ပညာအတတ်မရှိဘဲ မနေကောင်း။)  

ဆိုလိုတာက ဘုရားကျောင်းသွားချင်တဲ့ Desire (motive/means) က ကောင်းပါတယ်...သို့သော် without knowledge is not good လို့ ဆိုထားလေတော့ တနည်းအားဖြင့် results and consequences မကောင်းစေနေသောကြောင့် ကိုယ့်ကိုကိုယ်ဆင်ခြင်ထိန်းချုပ်တာဟာ ကောင်းပါတယ်။ 

တကယ်လို့ ကျွန်တော့မှာ COVID-19 ရှိတယ်ဆိုလျှင် ကျွန်တော် ဘုရားကျောင်းမသွားတော့ဘူး။ ကျွန်တော့ motive က ကျွန်တော့ အားဖြင့် သူများကို မကူးစပ်စေဖို့အတွက်ဖြစ်တယ်။ ဒါဆို means က ဘုရားကျောင်းမသွားလို့ ဒါကို ယုံကြည်ခြင်း မရှိသူလို့ သီအိုရီ ဆွဲကြမလား?
Results and consequences က ဘာတွေဖြစ်မလဲ?

ကျွန်တော် နားလည်တာက သမ္မာကျမ်းစာမှာ အနူရောဂါစွဲကပ်နေသူဟာ မြို့ပြင်မှာ နေရသလို... ဥတုရောက်နေတဲ့ အမျိုးသမီးနဲ့ လိင်ဆက်ဆံမိသူ... အစရှိသောသူများဟာလဲ ဗိမ္မာန်တော်၌ ဝတ်ပြုစည်းရုံးခွင့်မရှိပါဘူး။ ဝတ်ပြုခွင့်မရှိလို့ ဘုရားက အဆင့်တန်းခွဲခြားသူ ဖြစ်တယ်ဆိုပြီး သတေမတ် ကောက်ချက်ချလို့မရပါဘူး။ ဒီလိုတားမြစ်ထားရခြင်းဟာ လူ့အသိုင်းအဝိုင်း လူမှု့ ဥဿုံ သဟဇာတ သုခ အရေး humanity’s holistic well-being အတွက်သာလျှင်ဖြစ်တယ်။ 

(ဝတ်ပြုရာ ၁၇-၂၆) ထိ ဖတ်ကြည့်မယ်ဆိုရင် ဘုရားကနေ လူကို holistic well-being ရှိဖို့ရန်အတွက် စင်ကြယ်ခြင်းဆိုင်ရာ နည်းဥပဒေသတရားများကို ပြဌာန်းထားတယ်။ ဒီ ပြဌာန်းချက်တွေကိုကြည့်က 
- တစ်ကိုယ်ရည် ကိုယ်ကာယ သန့်ရှင်းစင်ကြယ်ခြင်း နှင့် ကျမ်းမာရေး ဆိုင်ရာနည်းဥပဒေများ ။ ဥပမာ- (လက်၊ခြေ၊ကိုယ်ခန္ဓာ၊အဝတ်အစား ဆေးကြော သန့်စင်ခိုင်းခြင်းနှင့် အသေကောင် ညစ်ညူးသောအရာများ မတို့မထိ မစားသောက်စေခြင်း)
- မိမိ ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးဆိုင်ရာတရားများ။ ဥပမာ - ကျင်ကြီး ကျင်ငယ် စွန့်ခြင်းဆိုင်ရာ နည်းနာများ 
အစရှိသော လူမူ့၊ စီးပွား၊ ဝိညာဏ နည်းဥပဒေသဆိုင်ရာ တရားများဖြစ်တယ်။

ထိုတရားများအား အဘယ့်ကြောင့် ဘုရားသည် ပညတ် ထားရပါသလဲ? 
လူသားများ ရောဂါဘယ ကင်းဝေး ကျန်းမာပြီး ဥဿုံ သဟဇာတ သုခ အဖျာဖျာနှင့်ပြည့်ဝဖို့ရန်အတွက်ဖြစ်တယ်။ 

ဆိုလိုတာက လူနူ၊ဖျားနှာ နာမကျန်းဖြစ်သူ၊ မသန့်ရှင်းသူ တို့ဟာ ဗိမ္မာန်တော်ကို ဝင်ခွင့်မရပါဘူး။ ဒီတားမြစ်ချက်ဟာ လူမှု့ဝန်းကျင် ဥဿုံ သုခ အရေးအတွက်ဖြစ်တယ်။ 
ဒါကို ဓမ္မသစ်ကျမ်းက ethics နဲ့ ညိလိုက်မယ်ဆိုရင် လူသည် တစ်ဦးတစ်ယောက်တည်းမဟုတ်၊ အသိုက်အမြုံ လူ့ဘောင် ဝန်းကျင်၌ အသက်ရှင်နေရပါသောကြောင့် မိမိအခွင့်ရှိသည့်အတိုင်း ပြုလုပ်သင့်သည်မဟုတ်၊ လူ့ဘောင်ဝန်းကျင်နှင့် ယုံကြည်သူ အင်္ဂါတော်နွယ်ဝင်ခြင်း အချင်းချင်းအကျိုးအဖို့အလို့ငှာသာလျှင်အသက်ရှင်သင့်ပါတယ်လို့ ကျွန်တော် ခံယူပါတယ်။

(၂) ဒါဆို COVID-19 ရှိနေသူထံ ဓမ္မဆရာများ သွားရောက် ဆုတောင်းပေးသင့်သလား? 

ဒီမေးခွန်းက ဓမ္မဆရာတစ်ယောက်ရဲ့ personal biblical ethical stand နဲ့ဆိုင်သော မေးခွန်းဖြစ်တယ်။

တကယ်လို့ ကျွန်တော့်မှာ COVID-19 ရှိနေရင် ဓမ္မဆရာတွေ လာဆုတောင်းပေးဖို့ တောင်းဆိုမှာမဟုတ်သလို ဆရာတွေ မလာလဲဘဲ ကျွန်တော် ဝမ်းနည်းနေမှာ မဟုတ်ဘူး၊ နားလည်ပေးလို့ရတယ်။ 

ဒါပေမဲ့ ကျွန်တော့အသင်းသားက COVID-19 ဖြစ်နေတယ်ဆိုပါစို့! ကျွန်တော် ဓမ္မဆရာတစ်ယောက်က ဘာလုပ်မလဲ? ဒါကတော့ ကျွန်တော့ရဲ့ personal ethical standing ဖြစ်တယ်။

ကျွန်တော် လက်ခံတာကတော့ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့အတိုင်းဘဲ ကောင်းသော သိုးထိန်းဟာ သိုးတွေအတွက် မိမိအသက်ကိုပင်စွန့်ပြီး ခြင်္သေ့၊ကျား အန္တာရယ်တွေကနေ ကယ်တင်တတ်သကဲ့သို့ 
ကျွန်တော်ကတော့ COVID-19 ဖြစ်နေသူ အသင်းသားထံ မေတ္တာပြ သွားရောက်ဆုတောင်းပေးမည်သာဖြစ်တယ်။ ဒီလိုပြောလို့ blind faith/ foolishness ဆိုပြီး မယူစစေချင်ဘူး။ ခရစ်တော် ပြောတဲ့ မြွေလိုလိမ္မာ၊ ချိုးငှက်လို အဆိပ်ကင်း.... ဆိုသည့် သတိအလိမ္မာ ဉာဏ်နဲ့တော့ မေတ္တာပြခြင်းကို ကျွန်တော် ဆိုလိုတာဖြစ်တယ်။

သမ္မာကျမ်းစာမှာ မည်သည့်အမှုကို ပြုသော်လည်းကောင်း ခပ်သိမ်းသော အမှုအရာတို့ကို "ဘုန်းတော်အဖို့အလို့အငှာပြုပါ"တဲ့... 
ကျွန်တော်တို့ရဲ့ personal ethical decision တိုင်းဟာ ဘုန်းတော်အတွက်ဖြစ်ရပါ့မယ်။ 
COVID-19 ရှိသူထံ သွားဆုတောင်းပေးတယ် 
ကိုယ်နာမည်ကြီးဖို့ထက် ဘုရား၏ ငြိမ်သက်ခြင်းကို မျှဝေခံစား မြင်တွေ့စေဖို့အတွက်သာဖြစ်သင့်ပါတယ်။
 
ထို့အတူ ကျွန်တော်တို့ရဲ့ personal ethical decision တိုင်းဟာလဲ ”သမ္မာသတိရှိခြင်း" "ကိုယ့်ကိုကိုယ်သိခြင်းအရာမှာ စင်ကြယ်ခြင်း" အစရှိသော် ဓမ္မဉာဏ်အပေါ်မှာ အခြေပြု၍ ဆုံးဖြတ်ပြုလုပ်သင့်ပါတယ်။

ထို့ကြောင့် ကျွန်တော့ရဲ့ ရပ်တည်ချက်သည်
- COVID-19 စွဲကပ်နေသော အသင်းသားများထံ သွားရောက် ဆုတောင်းပေးပါမည်။
- လာရောက် ဆုမတောင်းပေးနိုင်သည့် ဆရာများအားလည်း အဆိုးမြင်ခြင်းများလဲ မရှိသင့်သလို 
- သွားရောက် ဆုတောင်းပေးနိုင်ခြင်းကြောင့်လဲ ကိုယ်သာလျှင် သာ၍ ဝိညာဉ်သဘောကြီးထွားသူအဖြစ် ဝိညာဉ်မာန ရှိဖို့လဲ မဖြစ်သင့်ပါဘူး။ 
- ပြုလေသမျှဟာ ဓမ္မဉာဏ်ကိုအခြေပြု၍ ဘုန်းတော်အကျိုးအဖို့အလို့ငှာသာလျှင်ဖြစ်ကြောင်း ကျွန်တော်ခံယူပါတယ်။ 

အားလုံး ထာဝရဘုရား၏ အတောင်တော်အရိပ်အောက်၌ လုံခြုံစွာနေရ၍ ငြိမ်ဝပ်ခြင်းချမ်းသာခံစားရကြပါစေသော်

အမှုတော်၌

Your servant, 
Zau Bawk. Maran

Comments

Popular posts from this blog

သိပ္ပံ နှင့် ဓမ္မ​ဒဿနိက (မိတ်ဆက်)

#ထင်ရှားစွာဆုံးမပြစ်တင်ခြင်း

ခရစ်ယာန်သမိုင်းမှ အသုံးပြုခဲ့တဲ့ ငါးသင်္ကေတ