ဓမ္မဆရာတွေကို ဝေဖန်ခြင်းက အပြစ်လား ?

- ကျွန်တော်တို့ ကမ္ဘာကြီးက  Postmodernism လို့ခေါ်ကြတဲ့ ခေတ်ရေစီးကြောင်း တော်လှန်မှု
အယူဝါဒတွေ အောက်မှာသွားနေရတဲ့ ခေတ်ကို ရောက်နေပါပြီ။ ဒါကြောင့် ဒီခေတ်မှာ အမှန်တ
ရားပါဆိုပြီး ဝေဖန်သုံးသပ်မှုတွေ ဆန့်ကျင်လာတဲ့သူ များလာပြီး အမှန်တရား သိပ်မထွန်းကား
တော့ပါဘူး။ နားလည်အောင် အရပ်စကားဖြင့်
ပြောရင် "လုံးဝမှန်ပါတယ် (Absolutely Truth) ဆိုတာ မရှိဘူး၊ မင်းအမြင်အရ မင်းမှန်တယ်၊ သူလည်း သူ့အမြင်အရတော့ သူမှန်ပါတယ်၊ဒါကြောင့် ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာကို
ဝေဖန်ပြောနေစရာ မလိုဘူး။" စတဲ့ အန္တရာယ်များတဲ့ တွေးခေါ်မှုတွေ လွှမ်းမိုးနေတဲ့ခေတ်ပါ။
ဒါကြောင့် ဒီခေတ်က ကိုယ်စီးတဲ့ မြင်းကအထီးလား၊ အမလားဆိုတာ မသိကြတော့သလိုပါပဲ အမှား၊အမှန် မခွဲခြားနိုင်ကြတဲ့ ခေတ်လိုဖြစ်နေပါတယ်။

- များစွာသော ခရစ်ယာန်တွေလည်း ဒီခေတ်ရဲ့
လွှမ်းမိုးမှုနဲ့ မကင်းနိုင်ကြပါဘူး။ သမ္မာတရား
ဆိုတာ ခရစ်ယာန်တွေအတွက် လုံးဝမှန်ကန်တဲ့ အမှန်တရား ( Absolute Truth) ဖြစ်ပေမယ့်လို့
စိတ်မကောင်းစွာ သမ္မာတရားဘက်မှ ရပ်တည်
သူနည်းလာပါတယ်။ တရားနာရင်တောင် ငါလူ မျိုး၊ အမျိုးတော်လို့၊နာမည်ကြီးလို့ စသည်အား
ဖြင့် လူ‌တွေကိုသာ အခြေခံပြီး ခွန်းအားယူတတ်ကြပါတယ်။ ဒါကြောင့်လည်း စင်ပေါ်မှာ တရား ဟောတဲ့ ဆရာ၊ဆရာမ တွေကို Myanmar Idol ပြိုင်ပွဲလို သူ့ပရိတ်သတ်၊ ကိုယ့်ပရိသတ်ဆိုပြီး အားပေးလာကြတာ တွေ့ရပါတယ်။ ချောလို့ပါ၊ ခန့်လို့၊ My Crush၊ My Idol ဆိုပြီး တရားနာတဲ့လူတွေကလည်း ရှိသေး။ ဒါကြောင့် သူတို့အား ပေး‌နေတဲ့ ဆရာ၊ ဆရာမဟောတဲ့ အမှားတွေကိုထောက်ပြ၊ ဝေဖန်လိုက်ရင် အနာပေါ်တုတ်ကျဆိုသလို့ အမျိုးသားရေးလို ပြင်းထန်စွာ အဖြူအမဲ မခွဲခြားနိုင်အောင် ရပ်တည် ကာကွယ်ပေးတတ်ကြပါတယ်။ ဒါကြောင့် သမ္မာတရားအရ လွဲမှား‌နေတာတွေကို ထောက်ပြဝေဖန်တဲ့အခါ ကျွန်တော့ကို အမင်္ဂလာဖြစ်မယ်ဆိုပြီး မေတ္တာပို့တဲ့သူတွေ လည်းရှိပါတယ်။ အပြစ်တစ်ခု လို့ မြင်တတ်ကြ ပါတယ်။ အပြစ်ပါဆိုပြီး ဟောနေတဲ့သူတွေကလည်း အများကြီးရှိ‌နေပါတယ်။ ဒါကြောင့် ဒီမေးခွန်းကို မေးလာကြတဲ့ သူတွေအ တွက်ကော၊ အားလုံးအတွက် အချက်(၃) ချက်ဖြင့် အဖြေပေးပါရစေ။ 

(၁) ဒဿနိကဗေဒ (Philosophy) ဆိုင်ရာအရ

-  ပထမဦးဆုံး ဒဿနိကဗေဒကို ဘာသာအရပ်
အနေဖြင့် နက်နက်နဲနဲ မသင်ယူဖြစ်ရင်တောင်မှ အခြေခံလေးတော့ သိဖို့လိုပါတယ်။ မြန်မာဇတ်ကားတွေလိုတော့ ဒဿနိကဗေဒကို ပေါက်ကရ
တွေးခေါ်နေသလိုတော့ မယူဆလိုက်ပါနဲ့။အမှန်
က ဒဿနိကဗေဒဆိုတာက စနစ်တကျ မှန်ကန်
စွာ တွေးခေါ်ခြင်းပါ။ ဒါကြောင့် ကိုယ်အတွေးတွေကို ယုတ္တိဗေဒ(Logic) အရ မှန်ကန်မှုရှိလားဆိုတာ စစ်ဆေးတတ်ဖို့ လိုပါတယ်။

- သူတစ်ပါးကို မဝေဖန်နဲ့၊ တရားမစီရင်ပါနဲ့ ဆိုတာက ဒဿနိကဗေဒဆိုင်ရာအရတော့ လွဲမှားတဲ့ ခံယူချက်သာ ဖြစ်ပါတယ်။ ဝေဖန်မှုမရှိဘဲ 
အမှား၊အမှန် ခွဲခြားလို့မရလို တရားစီရင်မှုမရှိရင် မျှတမှုဆိုတာ မရှိနိုင်ပါဘူး။ သေချာတာ တစ်ခုကတော့ လူသားတွေက ဝေဖန်မှုတွေ နဲ့ တရားစီရင်ခြင်းတွေကနေ ကင်းလွှတ်တဲ့ လူဆိုတာတော့ မရှိပါဘူး။

-"သူတစ်ပါးကို မဝေဖန်ပါနဲ့၊ တရားမစီရင်နဲ့” လို့
ပြောနေတဲ့သူက အမှန်တစ်ကယ်တော့ သူကိုယ် တိုင် ဝေဖန်ပြီးတရားစီရင် နေတာပါ။ အမှန်က "မဝေဖန်ပါနဲ့၊တရားမစီရင်နဲ့" ဆိုတဲ့စကားကိုယ် ၌က ဝေဖန်ခြင်း၊ တရားစီရင်နေခြင်းသာ ဖြစ်ပါတယ်။ စနစ် တကျ သေချာစဉ်းစားကြည့်ပါ လူတစ်‌ယောက်က ဝေဖန်လို့၊ တရားစီရင်လို့ ဒါကိုသွားပြီး မဝေဖန်ဖို့၊ တရားမစီရင်ဖို့ပြောခြင်းကို က အဲဒီလူရဲ့ဝေဖန်မှု၊ တရားစီရင်မှုကို ပြန်ပြီး ဝေဖန်၊ တရားစီရင်နေခြင်း မဟုတ်ဘူးလား။ အလွယ် ပြောရရင် လူတစ်ဦးက ဝေဖန်နေလို့၊ တရားစီရင်နေလို့ မဝေဖန်နဲ့၊ မစီရင်နဲ့လို့ပြန်ပြီး ဝေဖန်၊ တရားစီရင်ခြင်းသာ ဖြစ်ပါတယ်။

- ဒါကြောင့် မဝေဖန်နဲ့ ဆိုတဲ့စကားက ဝေဖန်မှုတစ်ခုကို မဝေဖန်ဖို့ ပြန်လည် ဝေဖန်ခြင်းသာ ဖြစ်လို့ ဒါကို ယုတ္တိမရှိသော (သို့) အဓိပ္ပာယ်မရှိသော ပြောဆိုမှု ( Illogical Statement) လို့ခေါ်ပါတယ်။ ဒါကြောင့် ယုတ္တိဗေဒ (Logic) အရ သူ တစ်ပါးကို မ‌ဝေဖန်နဲ့ (Don't Criticize)၊ တရားမစီရင်နဲ့ (Don’t Judge) ဆိုတာ ရှေ့နောက် မညီ ညွတ်တဲ့( Self Defeating Statement) စကားသာဖြစ်ပါတယ်။

- နောက်တစ်ခု အဓိက ဓမ္မဆရာ၊ ဆရာမတွေ
ဟောတတ်ကြတဲ့ ရှေ့နောက် ညီညွတ်မှု မရှိတဲ့ ( Self Defeating Statement) ကတော့ မပြည်စုံခြင်းကို အခြေခံခြင်းပါ။"ဓမ္မဆရာ၊ ဆရာမတွေ
ဆိုတာက လူပဲပြည့်စုံတာမဟုတ်ဘူး မဝေဖန်ပါနဲ့ ဘုရားသခင်က ဆုံးမလိမ့်မယ်၊ တရားစီရင်ပါ
လိမ့်မယ်" ဆို‌ပြီးတော့ ပြောတတ်ကြပါတယ်။ သေချာစွာ စဉ်းစားကြည့်ရင် ယုံကြည်သူတွေလည်း ပြည့်စုံ‌နေလို့ ယုံကြည်သူ‌ ဖြစ်‌နေတာ မ ဟုတ်ပါဘူး။ အဲတော့ သူတို့တွေအသုံးပြုတဲ့ Logic အရ သူတို့လည်း ဆရာလုပ်ပြီး ဆုံးမသွန်ခြင်း၊ စီရင်ခြင်းလည်း လုပ်ဖို့လိုလို့လား။(?) ဘုရား ကိုယ်တိုင် ဆုံးမမှာပေါ့။ ဒါဆိုရင် သူတို့
စကားနဲ့ သူတို့ ပြဿနာတက်မှာပါ။ အမှန်က တော့ ပြည့်စုံနေရင်တော့ ဝေဖန်ထောက်ပြဖို့လည်း မလိုအပ်တော့ပါဘူး။ ဒါကြောင့် မပြည့် စုံခြင်းကိုက ဝေဖန်၊ ထောက်ပြမှုတွေ လိုအပ်နေကြောင်း အဓိက သက်သေပါ။

- သူတို့အသုံးပြုနေကြတဲ့ အတွေးတွေက ဘာနဲ့သွားတူလည်း ဆိုရင်တော့ ဘိန်းစားက ဘိန်းမစားဖို့ ပြောတာနဲ့ တူပါတယ်။ ဒါကြောင့် ကျေး ဇူးပြုပြီး သူတော်ကောင်းလို မဝေဖန်နဲ့ တရားမစီရင်နဲ့လို့ပြောနေခြင်းကိုက ဝေဖန်၊တရားစီရင်ခြင်းသာ ဖြစ်တယ်ဆိုတာကို နားလည်‌စေချင်ပါ
တယ်။ ဒါကြောင့် ဒဿနိကဗေဒဆိုင်ရာ အရ မဝေဖန်ရဘူး၊ တရားမစီရင်ရဘူး ဆိုတာမရှိပါဘူး။ ဘယ်လိုမှန်ကန်စွာ ဝေဖန်ရမယ်၊ မျှတစွာ ဘယ်လို တရားစီရင်ရမယ် ဆိုတာတွေ ကိုသာ စနစ်တကျ သင်ယူရတာပါ။ ဘာမဆို အမှား၊ အမှန် ခွဲခြားနိုင်ဖို့ရန်အတွက် ဝေဖန်ခြင်း၊တရား စီရင်ခြင်းကို မှန်ကန်စွာ ကျင့်သုံးဖို့ ‌အရေးကြီး ပါတယ်။

(၂) သမ္မာကျမ်းစာ (Biblical) ဆိုင်ရာအရ

- ခရစ်ယာန်ဘာသာက လူကိုကိုးကွယ်တဲ့ ဘာ သာတရား မဟုတ်ဘူးဆိုတာကတော့ ခြွင်းချက်မရှိ အားလုံးသဘောတူ လက်ခံကြမှာပါ။ ယနေ့
အသင်းတော် ဦးဆောင်တဲ့ ခေါင်းဆောင်တွေ၊ ဓမ္မဆရာနဲ့ ဆရာမတွေကို သစ္စာရှိပြီး၊ ရိုသေလေးစားခြင်းဆိုတာ မွန်မြတ်တဲ့ အလုပ်၊ ဘုရား သခင်အလိုတော်ရှိတဲ့ အရာလည်းဖြစ်ပါတယ်။
(မာကု ၁၂:၂၉-၃၁ ၊ ယောဟန် ၁၅:၁၃ ၊ ၁ ယော ၃:၁၆)

- ဒါပေမယ့် သူတို့အမှားတွေကို ဝေဖန်ခွင့်၊ စီရင်
ပိုင်ခွင့် ဘယ်သူမှ မရှိဘူးဆိုတာ ဘယ်နေရမှာမှ
ကျမ်းစာက မဖော်ပြထားပါဘူး။ အသင်းတော်သမိုင်းလေ့လာရင် လွဲမှားတဲ့ အယူဝါဒစွဲကိုင်တဲ့
အဖွဲ့တိုင်းကို လေ့လာကြည့်ပါ သူတို့ရဲ့ အဖွဲ့ဝင်
အတွင်းမှာ ဝေဖန်ထောက်ပြခွင့်တွေ လုံးဝ ပိတ်ပင်ထားဒါတွေ တွေ့ရမှာပါ။ ဒီလိုပါပဲ ဒီခေတ်ရဲ့
ခေတ်အစားဆုံးဖြစ်တဲ့ ကျန်းမာ၊ ချမ်းသာခြင်း သတင်းကောင်း( Properity Gospel) ဟောတဲ့
ဓမ္မဆရာ၊ ဆရာမတို့ကလည်း ကျမ်းစာ အသုံး
ပြုပြီး သူတို့ကို မဝေဖန်အောင် ကျမ်းချက်လိုရာစွဲ ယုံကြည်သူများကို ခြိမ်းခြောက်တတ်ကြတာ တွေ့ပါတယ်။ ယနေ့ကမ္ဘာကျော်တဲ့ Benny
Hinn နဲ့ Kenneth Copeland တို့က သူတို့ဟာ
ဘုရားသခင် ဘိတ်သိတ်ခံများဖြစ်ပြီး သူတို့ကို
ဝေဖန်တဲ့သူတွေ ကျိန်ခြင်းအမင်္ဂလာကို ခံစားရမည်ဟု အကြိမ်ကြိမ်ဟောပြောခဲ့ကြပါတယ်။
ဆရာဒေးဗစ်လာကလည်း " ကျွန်တော်မှားရင်
ဘုရားသခင်နဲ့ရှင်းမယ် မ‌ပြောပါနဲ့၊ ဝေဖန်စရာမလိုဘူး။ ဝေဖန်ရင် မအောင်မြင်စေရဘူး။ အာ မခံတယ်။ သားစဉ်မြေးဆက် အမင်္ဂလာခံ စားရမယ်" ဆိုပြီး ဟောပြောခဲ့ကြပါတယ်။ ဒါကိုဇတ်လမ်းလုပ်ပြောနေတာ မဟုတ်ပါဘူး။ လိုချင်ရင်
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးသူတို့အားလုံး
ဟောပြောတဲ့ သက်သေ ဗီဒီယို(Video) တွေရှိပါ
တယ် လိုအပ်ရင်တောင်းလို့ရပါတယ်။ ‌အဲတော့
သူတို့အတွက် ဝေဖန်ခြင်းက အပြစ်ဖြစ်နေတဲ့
အပြင် အမင်္ဂလာခံစားရမှာပါ။ ဘယ်သူကမှန်လဲ မှားလဲဆိုတာကို သမ္မာကျမ်းစာကိုကြည့်ပြီး
ဆုံးဖြတ်ကြရအောင်။ ဒီအကြောင်းအရာနဲ့ ပတ်
သက်ပြီး လွဲမှားစွာ ခံယူကြတဲ့ ကျမ်းချက်သုံးခု
ရှိပါတယ်။

- ပထမကတော့
✝️ ငါ့ထံ၌ ဘိတ်သိတ်ခံသော သူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖတ်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။ (Psa 105:15)

- ဒီကျမ်းချက်က ဒါဝိဒ်မင်းကြီးက အာဗြဟံနဲ့ 
သူ့လူတွေကို ဘုရားသခင်ထားခဲ့တဲ့ ဂတိတော်ကို ပြန်လည်အောက်မေ့ သတိရပြီး ရေးသားထားခြင်းဖြစ်ပါတယ်။ ကတိတော်အတိုင်းကို ပြည်စုံ စေခဲ့တယ်။ သူရဲ့ လူမျိုးတွေကို ကယ် တင်ခဲ့တယ်၊ ရန်သူ့လက်မှ ကာကွယ်ပေးခဲ့တယ် စသည့်အားဖြင့် ဘုရားရဲ့ကောင်းမြတ်ခြင်းကို 
ချီးမွမ်းပြောဆိုနေတဲ့‌ အခြေအနေ (Context)
ဖြစ်ပါတယ်။ (Psa 105:14) ကိုကြည့်ရင် တော့
"သူတို့ကို ညှင်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ၊ သူတို့အတွက်လည်း ရှင် ဘုရင်ကို ဆုံးမလျက်" ဆိုပြီးမှ "ငါ့ထံ၌ ဘိတ်သိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖတ်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မှု၏။ " လို့
အဆုံးသတ်ထားပါတယ်။ ဒီကျမ်းချက်က သူ
ဘိတ်သိပ်ပေးတဲ့ သူ့လူမျိုးနဲ့ ဦးဆောင်သူတွေကို မတိုက်ခိုက်ဖို့ ဘုရင်တွေကို သတိပေးခြင်းဖြစ်ပါတယ်။ တစ်ဦးတစ်ယောက် ဒါမှမဟုတ် ဒီခေတ် ဓမ္မဆရာ၊ဆရာမတွေကို ဆိုလိုခြင်းတော့ လုံးဝ မဟုတ်ဘူးဆိုတာက Context ကိုကြည့်ရင် ရှင်းပါတယ်။

- ဒုတိယ တစ်ခုက
 ✝️ ငါ့ထံ၌ ဘိတ်သိက်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ့ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။ (1Chr 16:22)

- ဒီကျမ်းချက်က ဆာလံကျမ်းမှာ ဒါဝိဒ်မင်းကြီးကပြန်လည် အသုံးပြုခြင်းဖြစ်ပါတယ်။ သူတို့ Context တူနေလို့ အများကြီး ပြန်မရှင်းတော့
ပါဘူး။ မှတ်ထားဖို့လိုတာက သူရဲ့လူမျိုးတွေကို သတ်ဖို့ကြံစည်တဲ့ ရှင်ဘုရင်တွေကို ဘုရား သခင်က သတိပေးခြင်းဖြစ်လို့ ဒီနေရာမှာ ဝေ ဖန်၊ထောက်ပြခြင်းကို ဆိုလိုခြင်း မဟုတ်ဘဲနဲ့ခန္ဓာကိုယ် အသေသတ်ခြင်းကို ဆိုလိုခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ရှောလုမင်းကြီးကို မသတ်ပဲ ဒါဝဒ်က ဘိသိက်ခံသောသူတို့ကို မထိ ခိုက်ဖို့ပြောခြင်းက မဝေဖန်ဖို့ ပြောဆိုခြင်းမ ဟုတ်ပါဘူး။ သူကိုယ်တိုင် ရှောလုမင်းကြီးရဲ့
အသက်ကို မနုတ်ယူလိုခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ဒါဝဒ်က ရှောလုမင်းကြီးကို နှုက်အား ဖြင့် ဝေဖန်ထောက်ပြမှုများစွာကို ပြုလုပ်ခဲ့ပါတယ်။ ( ၁ ဓမ္မရာဇဝင် ၂၄:၁၀)။ ဒါအပြင် ဒါဝဒ်ရှင်ဘုရင်ဖြစ်လာတဲ့ အခါ သူအမှားကို ပရောဖက် နာသန်က ပြင်းပြင်းထန်ထန် အပြစ်တင်ဆုံးမဝေဖန်တာ တွေ့ရပါတယ်။ ဒါပေမယ့်လို့ အံ့ဩစရာကောင်းတာက ဒါဝဒ်က ဘယ်နေရာမှာမှ ဘုရားဘိတ်သိက်ကို မထိနဲ့လို့ ပြန်မပြောပါဘူး။ သူတို့ကိုယ်သူတို့ ဝေဖန်ခြင်းမှာ ကာကွယ်ဖို့အတွက် ဘုရားဘိတ်သိတ်တွေကို မထိနဲ့လို့ ဘယ်တမန်တော်တွေကမှ ဓမ္မသစ်ကျမ်းမှာ မသုံးခဲ့ကြပါဘူး။ ပြီးတော့ ဓမ္မသစ်ကျမ်းမှာ ယုံကြည်သူတိုင်းက ဘိတ်သိက်ခံသူများဖြစ် ကြောင်းကို တွေ့ရှိရပါတယ်။ (၁ ယော၂:၂၀၊ ၂ ကော ၁:၂၁-၂၂)

- နောက်ဆုံး ကျမ်းချက်က
✝️သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်း နှင့်ကင်းလွတ်ရမည်အကြောင်း သူတပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကိုမပြုကြနှင့်။ (Mat 7:1)

- အထက်က ကျမ်းချက်တွေကို မိမိကိုယ်ကိုမိမိ ဘုရားသခင် ဘိတ်သိတ်ခံဖြစ်ကြောင်း ခံယူပြီး
သူတို့အမှားတွေကို ဝေဖန်၊ ထောက်ပြခြင်းမှ
ကင်းဝေးဖို့ အသုံးပြုတတ်ကြပါတယ်။ တရား မစီရင်နဲ့ မဝေဖန်နဲ့လို့ ပြောတတ်ကြတဲ့ ကျမ်းချက်ကို လေ့လာကြည့်ရအောင်။

- တရားစီရင်ခြင်းဆိုတာ ကျမ်းစာတစ်ခုလုံးရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။ အာဒံ နှင့် ဧဝက စပြီး ဘုရားသခင် တရားစီရင်ခဲ့ပါတယ်။ တိုင်းနိုင်ငံတွေကို အုပ်ချုပ်ဖို့ ဘုရင်တွေ၊ တရား သူကြီးများ နှင့် ပရောဖက်တို့ကို ဘုရားကိုယ် တိုင်ရွေးချယ်ခွဲခန့်ပြီး တရားစီရင်စေခဲ့ပါတယ်။ (တရားသူကြီးမှတ်စာ ၂: ၁၈ ၊ ရောမသြဝါဒစာ ၁၃: ၁)ယေရူခရစ်တော်က “မျက်စိမမြင်သော သူသည် မြင်စေခြင်းငှါလည်းကောင်း၊ မြင်သောသူ ကန်းစေခြင်းငှါ လည်းကောင်း ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီ” မိန့်ဆိုခဲ့ပါတယ်။ (ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၉: ၃၉)။ ယေရူခရစ်တော် ကိုယ်တိုင် အမှား၊ အမှန်အတွက်၊ အပြစ်တွေအတွက် တရားစီရင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေက မခံမရပ်တွေဖြစ်ပြီး အပြစ်ရှာ သေဒဏ်စီရင်ဖို့ ကြီုးစားခဲ့ကြတာပါ။ ဗိမာန်တော်ထဲမှာ ယေရူခရစ်တော်က “တရားသဖြင့် စီရင်ကြလော့” လို့ ဆုံးမသြဝါဒ ပေးခဲ့ပါတယ်။ (ရှင်ယောဟန် ၇:၂၄) တစ်နေ့ ယုံကြည်သူများက ခရစ်တော်နဲ့ အတူ တရားစီရင်ခွင့်ရမယ်ဆိုတာ ကျမ်းစာမှာ သွန်သင်ထားပါတယ်။(ရှင်မဿဲ ၁၉ : ၂၈)

- တမန်တော်တွေနဲ့ အသင်းတော် ဦးဆောင်ခဲ့တဲ့ ဖခင်တွေက ဝေဖန်သုံးသပ် တရားစီရင်ခဲ့ကြတယ်ဆိုတာ ခရစ်ယာန်သမိုင်းမှာ ထင်ရှားစွာတွေ့ရပါတယ်။ ဒါကြောင့် ဘယ်သူက မိစ္ဆာဒိဌိ (Heresy) ၊ ဘယ်သူက မှားယွင်းစွာ သွန်သင်လဲဆိုတာ ခွဲခြားသိမြင်ခဲ့ကြတာပါ။ မစီရင်ခဲ့ကြရင် ယုံကြည်ခြင်းဆိုင်ရာ အမှား၊ အမှန် ခွဲခြားလို့မရပါဘူး။ ရှင်ပေါလုက နှုတ်ကပတ်တော် ဟောပါ၊ အပြစ်ကို ဖော်ပြပါ လို့ သွန်သင်ခဲ့ပါတယ်။ (၂ တိမောသေ ၄ : ၂) ။ နောက်ပြီးတော့ “ဤတရားစကားကို ဟောပြောခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမ ပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသော အာဏာနဲ့ တကွပြုလော့” လို့ ရှင်းရှင်းလင်းလင်း သွန်သင် ထားပါတယ်။ ( တိတု ၂ : ၁၅) ဝိညာဉ်လူဆိုတာ အရာအားလုံးကို ပိုင်ခြားနိုင်တယ် (သို့) တရားစီရင်နိုင်တယ်လို့ ကောရိန်သုဩဝါဒစာ ပဌမစောင် ၂ : ၁၅ သွန်သင်ထားပါတယ်။ သူများအမှားကို ပြောစရာမလိုဘူး၊ ဝေဖန်စရာမလိုဘူး ၊ တရား စီရင်ဖို့ မလိုဘူးလို့ ပြောတဲ့၊ ဟောတဲ့ သူတွေက သေသေချာချာ ကျမ်းစာဖတ်ပြီး မလေ့လာကြလို့ပါ ဆိုပြီး စီရင်ပါရစေ။ နေပါဦး … သမ္မာ ကျမ်းစာက မစီရင်နဲ့လို့ပြောတဲ့ နေရာရှိတယ်ဆိုပြီး စောဒကတွေ တတ်နေကြဦးမယ်။ တရားမစီရင်နဲ့ (Don’t Judge) ဆိုတဲ့ကျမ်းကိုနောက်ဆုံး လေ့လာရအောင်။

- ကျမ်းစာတစ်ခုလုံးမှာ “သူတစ်ပါးရဲ့အမှု၌ စီ ရင်ခြင်းကို မပြုကြနှင့်။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၇ : ၁) ဆိုတဲ့ကျမ်းချက်က ကြာဖူးသမျှကျမ်းထဲမှာ တရားဟောဆရာတွေ အနက်ပြန်လွဲတာ အများဆုံးကျမ်းဖြစ်ပါတယ်။အထူး သဖြင့် အမှုတော်ဆောင် ဆရာ၊ ဆရာမတွေ အဝေဖန်ခံရပြီဆိုရင် သူတို့ရဲ့ လက်ကိုင်တုတ် ကျမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို မိမိအမှားကို ကာကွယ်ဖို့ ကျမ်းချက်တွေ အသုံးပြုခြင်းက အရမ်းကို အန္တရာယ်များတဲ့အပြင် ဘုရားကို လူမိုက် အားပေးစေရာ ရောက်တယ်ဆိုတာ သတိထားဖို့ လိုအပ် ပါတယ်။ လိုချင်တဲ့ အချက်လေးတွေကိုပဲ ဆွဲယူလို့မရပါဘူး။ ယေရူ ခရစ်တော်က တရားမစီရင်နဲ့ ဆိုတဲ့ နောက်မှာ ဘာပြောလဲဆိုတာ ဆက်ပြီး လေ့လာဖို့လိုသလို ကျမ်းရဲ့ ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာ (သို့) အခြေအနေ (Context) ကိုလည်း ဆက်လေ့လာဖို့လို့ပါတယ်။ ဒါမှကျမ်း ချက်က ဘာကိုဆိုလိုတာလဲ ဆိုတာ မှန် ကန်စွာ သိနိုင်မှာပါ။ ဒီကျမ်းချက်က တရား စီ ရင်ဖို့ တားမြစ်တဲ့ ကျမ်းမဟုတ်ပါဘူး။ ဘယ် လို မှန်ကန်စွာ စီရင်မလဲဆိုတာကို သွန်သင်ခြင်းသာ ဖြစ်ပါတယ်။ အခန်းငယ် ၂ ကနေ ၅ ထိကြည့်ရင် ဟန်ဆောင်ပြီး တရားမစီရင်ဖို့၊ ကိုယ့်အားနည်းချက်တွေ မသိဘဲ မစီရင်ဖို့၊ ကိုယ့်မျက်စိမှာ ရှိတဲ့ အမှိုက်ကို အရင်ထုတ်ပြီးမှ ညီအစ်ကို မျက်စိမှာရှိတဲ့ အမှိုက်ကို ထုတ်ဖို့ သွန်သင်ခြင်းဖြစ်ပါတယ်။ ပြောချင်တာကကိုယ် တိုင် အမှန်တရား လမ်းသွားပြီးမှ သူတစ် ပါးကို လမ်းမှန်ပို့စေခြင်းပါ။ မျက်ကန်းက မျက် ကန်း လမ်းပြရင် ချောက်ထဲကျဖို့ပဲ ရှိတယ်လေ။ သူတော်ကောင်း ယောင်ဆောင်ခြင်း (ကြောင်သူတော်) ကို အဓိက ကျမ်းစာက ဆန့်ကျင်ခြင်း သာဖြစ်ပါတယ်။ အခန်းငယ် ၆ မှာ ဖြူစင်တဲ့ အရာကို ခွေးမပေးနဲ့၊ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချနဲ့လို့ ပိုင်းခြားစီရင်စေပါတယ်။ အခန်းငယ် ၁၅ မှာ မိစ္ဆာပရောဖက်တို့ကို သတိထား ပိုင်ခြားစီရင်ခိုင်းတာတွေ့ရပါတယ်။ ဒါကြောင့် မစီရင်ခိုင်းခြင်းမဟုတ်ဘဲ့
တရားမျှတမှုနဲ့ မှန်ကန်စွာ ဝေဖန်ပိုင်းခြား စီရင်ဖို့သာ လိုအပ်ပါတယ်။

- အရေးကြီးဆုံးက တရားမစီရင်ဖို့ မဟုတ်ဘဲ မှန်ကန်စွာ တရားစီရင်ဖို့သာ လိုအပ်ပါတယ်။ ဘုရားသခင်က တရားမျှတတဲ့ ဘုရားဖြစ်သလို တရားမျှတမှုကို လိုလားတဲ့ဘုရားဖြစ်ပါတယ်။ တရားစီရင်တဲ့အခါ၊ ဝေဖန်တဲ့အခါ ခွင့်လွတ်တဲ့စိတ်၊ နူးညံ့သိမ်မွေ့တဲ့ စိတ်သဘောထား၊ အမှန်သိစေလိုတဲ့ စိတ်သဘောထား၊ ကိုယ်ချင်းစာနာတတ်တဲ့ နှလုံးသား၊ နှိမ့်ချတဲ့ စိတ်သဘောထား ရှိဖို့သာအရေးကြီးပါတယ်။( တိတု ၃ : ၂၊ ရှင်မဿဲ ၅ : ၇၊ ရှင်မဿဲ ၇ : ၂) ကျွန်တော်တို့ရဲ့ ဝေဖန်သုံးသပ်စီရင်ခြင်းက ကဲ့ရဲ့ဖို့မဟုတ်ဘဲ အမှန်တရားနဲ့ တရားမျှတမှုရှိစေလိုတဲ့ စိတ်ဆန္ဒသာ ရှိဖို့လိုအပ်ပါတယ်။ ချစ်ခြင်းမေတ္တာ၊ အမှန်တရားနဲ့ တရားမျှတမှု ဒီကမ္ဘာမှာ ဆက် လက်ရှင်သန်ဖို့ သမ္မာတရား စွဲကိုင်ပြီး ဝေဖန်သုံးသပ် တရားစီနိုင်ဖို့ လိုပါတယ်။ ချစ်ခြင်းမေတ္တာတရားပြောပြီး အမှန်တရား ဂရုမစိုက်ခြင်းက စစ်မှန်တဲ့ အချစ်မဟုတ်ပါဘူး။ အမှန်တရားမပါတဲ့ ချစ်ခြင်းမေတ္တာကယုဒရှကာရုတ် သစ္စာဖောက်ဖို့ ချွေခဲ့တဲ့ အနမ်းလိုပါပဲ။

(၃) လူ့ကျင့်ဝတ် (Ethical) ဆိုင်ရာအရ

- လူရယ်လို့ ဖြစ်လာပြီ ဆိုရင် လူ့ကျင့်ဝတ်ဆိုင် ရာကို မလိုက်နာလို့မရပါဘူး။ ခရစ်ယန်တွေ
မှာလည်း ခရစ်ယာန် ကျင့်ဝတ်(Christan Ethic)
ဆိုတာ ရှိပါတယ်။ ဥပမာ – အိမ်ထောင်ရေး ဖောက်ပြန်တာကို လူ့ကျင့်ဝတ်ဆိုင်ရာအရ မှန်တယ်၊ မှားတယ်လို့ သတ်မှတ်ဖို့က လူ့ကျင်ဝတ် တရားစီရင်ခြင်း ( Moral Judgment) ကို အသုံး ပြုရတယ်။ ဘာသာရေးဆိုင်ရာ သွန်သင်မှုကနေ လူ့ကျင့်ဝတ်တွေ ဖြစ်လာသလို လူ့ကျင့်ဝတ် အသိတရား(Moral Conscience) ကနေ လူ့ကျင့် ဝတ်ဆိုင်ရာတွေကို သိနားလည်နိုင်ပါတယ်။ ဘာသာမဲ့ဝါဒသမားတွေလည်း အမှား၊ အမှန်ရှိတယ်ဆိုတာ လက်မခံလို့မရပါဘူး။ အဲတော့ အမှား၊ အမှန်ကို ခွဲခြားသိမြင်နိုင်ဖို့ တရား မစီရင်လို့မရပါဘူး။ လူကျင့်ဝတ်ဆိုင်အရ “သူတစ်ပါးကို တရားမစီရင်နဲ့” ဆိုတာကအမှား၊ အမှန်ဆိုတာ အရေးမကြီးဘူး ဆိုတာနဲ့ အတူတူပါ။ အမှား၊အမှန် အရေးမကြီးဘူးလို့ ဆိုတဲ့သူက ဆက်မှားသူတဲ့ သူပါ။ တစ်ချို့ပြောတတ်ကြတယ် “မင်းကိုယ်တိုင် ပြည့်စုံမှ စီရင်ပါတဲ့” ။ ပြည်စုံတဲ့ လူသားမရှိတော့ မစီရင်နဲ့လို့ ပြောခြင်းသာ ဖြစ်ပါတယ်။ ပြည်စုံမှ စီရင်ရမှာ မဟုတ်ပါဘူး။ ဥပမာ – ကိုယ်တိုင် မုန့်ဟင်းခါး မချက်တတ်ပေမယ့် ငံရင် ငံတယ်၊ ချဉ်ရင် ချဉ်တယ်၊ တူးရင် တူးတယ်၊ ပြောတတ်၊ ဝေဖန်တတ်ဖို့တော့ လိုအပ်ပါတယ်။ အရာအားလုံး မပြည်စုံနိုင်ရင်လည်း မှားနေတဲ့အရာကို မှားမှန်းသိပြီး ပြင်ရဲတဲ့ သတ္တိရှိပြီးဝေဖန် စီရင်ရဲဖို့ လိုပါတယ်။

- နိဂုံးချုပ်အနေဖြင့် ပြောချင်တာ‌ကတော့ ကျမ်း စာက  ဝေဖန်ခြင်းကိုအပြစ်လို့ ဘယ်နေမှာမှ မသတ်မှတ်ပါဘူး။ အရာရာကို ဝေဖန်သုံးသပ်ဖို့
တိုက်တွန်းထားပါတယ်။ အမှန်တရားဆိုတာက
အဝေဖန်၊ အစမ်းသပ်ခံမှ အမှန်တရားက ပိုပြီးတန်ဖိုးရှိတာပါ။ ခရစ်ယာန် ယုံကြည်ခြင်း၊ တရားတွေက အစမ်းသပ်ခံ၊ ဝေဖန်သုံးသပ်လို့
ရတဲ့ ဘာသာတရားပါ။ ယုံကြည်သူများ အား လုံး အမှန်၊အမှား ဝေဖန်ခွဲခြားနိုင်ပြီး သူတစ်ပါးကိုလည်း ကိုယ့်ယုံကြည်မှုကို ဝေဖန်သုံးသပ်ခွင့်ပေးပြီး အကောင်းဆုံးအဖြေပေးနိုင်ဖို့ သမ္မာ ကျမ်းစာကို စနစ်တကျ လေ့လာကြပါလို့ တိုက် တွန်းပါရစေ။

– မေတ္တာဖြင့်
– ရှိုင်းကိုကိုလင်း (SLT)

#ကိုးကား
- Chtistianity in Crisis: 21st Century by 
  Hank Hanegraff 
- Who are you to Judge by Erwin W. Lutzer
- A little book for New Philosophers by Paul
  Copan.
- Apologistic Study Bible
- ESV Study Bible
- Photo credit

Comments

Popular posts from this blog

သိပ္ပံ နှင့် ဓမ္မ​ဒဿနိက (မိတ်ဆက်)

#ထင်ရှားစွာဆုံးမပြစ်တင်ခြင်း

ခရစ်ယာန်သမိုင်းမှ အသုံးပြုခဲ့တဲ့ ငါးသင်္ကေတ