ရှင်ပြန်ထမြောက်ခြင်းကို ခြေရာကောက်ခြင်း

(အခန်းဆက် ဆောင်းပါးရှည် စ-ဆုံး)

၁။ နိဒါန်း

       ခရစ်ယာန် ယုံကြည်မှုတွင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် အလွန်ပင် အရေးပါ ပါသည်။ ခရစ်ယာန်တို့၏ အခြေခံကျသော၊ ထူးခြားသော ယုံကြည်မှု တစ်ခုဖြစ်ပါသည်။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို လက်ခံ ယုံကြည်သောကြောင့်သာ ဂျူးဘာသာ ယုံကြည်မှု နှင့် ကွဲပြားကာ ခရစ်ယာန်ဟူ၍ ဖြစ်လာရခြင်း ဖြစ်သည်ဟု ယျေဘူယျ ဆိုနိုင်ပါသည်။
        ဤဆောင်းပါးတွင် ရှင်ပြန်ထမြောက်ခြင်း ဟူသော ယုံကြည်မှုသည် မည်သို့ အစပြုခဲ့ပြီး ဣသရေလလူမျိုး နှင့် ရောမတို့၏ ရေခံမြေခံတွင် မည်သို့ နားလည်ခဲ့သည်၊ ကနဦးအသင်းတော် နှင့် ဥာဏ်အလင်းပွင့်သောခေတ်တွင် မည်သို့နားလည်ခဲ့သည်ကို ခြေရာကောက်မည်ဖြစ်ပါသည်။ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ နားလည်မှုသည် သမိုင်းတစ်လျှောက် မည်သို့ ဖွံ့ဖြိုးလာသည်ကို စာဖတ်သူများ သိရှိစေရန် ရည်ရွယ်ပါသည်။ ဤဆောင်းပါးရှည်တွင် အပိုင်းသုံးပိုင်း ပါရှိမည် ဖြစ်ပါသည်။ ပထမ အပိုင်းတွင်း ဓမ္မဟောင်းကာလ နှင့် ဓမ္မသစ်ကာလမတိုင်မီအထိ နားလည်သော ရှင်ပြန်ထမြောက်ခြင်းကို တင်ပြမည်ဖြစ်ပြီး ဒုတိယအပိုင်းတွင် ဓမ္မသစ်ရေခံမြေခံမှ နားလည်သော ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို တင်ပြမည် ဖြစ်ပါသည်။ နောက်ဆုံးတွင် ကနဦးအသင်းတော်၊ အော်သိုဒေါစ့် အသင်းတော်နှင့် ဥာဏ်အလင်းပွင့်သောခေတ်မှ နားလည်သော ရှင်ပြန်ထမြောက်ခြင်း ဓမ္မအတွေးအခေါ်ကို တင်ပြမည်ဖြစ်ပါသည်။ 

၂။ ရှင်ပြန်ထမြောက်ခြင်း ဓမ္မအတွေးအခေါ်၏ အရေးပါမှု

        ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ဓမ္မတွေးခေါ်မှုတွင် အချက်သုံးချက်အားဖြင့် အရေးပါသည် ဟု ယျေဘူယျ ဆိုနိုင်ပါသည်။ ပထမ အချက်မှာ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ဘုရားဖြစ်ခြင်းကို အာမခံခြင်း ဖြစ်ပါသည်။ တနည်းအားဖြင့် သားတော်ဘုရား၏ အလုပ်ကို ခမည်းတော်ဘုရားက လက်ခံခြင်း ဖြစ်ပါသည်။ ဒုတိယ အချက်မှာ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် သုံးပါးတစ်ဆူ ဆက်နွယ်မှုကို ထင်သာစေခြင်းဖြစ်ပါသည်။ ခရစ်တော် ရှင်ပြန်ထမြောက်ပြီး နောက်ပိုင်း သန့်ရှင်းသော ဝိဉာဏ်တော်၏ အခန်းကဏ္ဍ လောကထဲတွင် ပိုမိုမြင့်မားလာသည်ကို ကြည့်ခြင်းဖြင့် သုံပါးတစ်ဆူ အလုပ်သည် ဆက်နွယ်လျက်ရှိသည်ကို နားလည်နိုင်ပါသည်။ 
         နောက်ဆုံး အချက်မှာ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းသည် ရှေးဖြစ်ဟောများ ကို ပြည့်စုံစေခြင်းဖြစ်ပါသည်။ ပရောဖက်များ ကြိုတင်နိမိတ်ဖတ် ဟောပြောခဲ့ခြင်းကို ပြည့်စုံစေခြင်းဖြစ်ပါသည်။ ဓမ္မတွေးခေါ်မှုအရ ရှင်ပြန်ထမြောက်ခြင်းသည် အဆိုပါ အချက်များကြောင့် မရှိမဖြစ်အရေးပါသည်ဟု ဆိုရခြင်းဖြစ်ပါသည်။ 
           ဤကဲ့သို့အရေးပါလှသော ရှင်ပြန်ထမြောက်ခြင်း ယုံကြည်မှုသည် ခရစ်ယာန် ယုံကြည်မှုအတွင်းသို့ မည်သို့ဝင်ရောက်လာခဲ့သနည်း။ ခရစ်ယာန် ဘာသာ၏ ရှေးမြစ်ဖျားခံရာ ဣသရေလ လူတို့၏ ယုံကြည်မှုတွင်လည်း ၎င်းကို မည်သို့ နားလည်ခဲ့သည်ကို သေချာသိရှိရန် လိုအပ်ပါသည်။ သို့မှသာ ခရစ်ယာန်တို့ အနေဖြင့် မိမိတို့ ဘာကိုယုံသည်ကို ဂဃနန သိရှိမည် ဖြစ်ပါသည်။

၃။ ဓမ္မဟောင်းကာလ နှင့် ရှင်ပြန်ထမြောက်ခြင်း

၃.၁။ ဣသရေလ ဘာသာရေး ရေခံမြေခံ နှင့် ရှင်ပြန်ထမြောက်ခြင်း ယုံကြည်မှု

         ဣသရေလ ရေခံမြေခံ ကိုးကွယ်မှု ထဲသို့ ရှင်ပြန် ထမြောက်ခြင်း အယူအဆ ဝင်ရောက်လာသည်မှာ အလွန်ပင် နောက်ကျပါသည်။ အဘယ်ကြောင့် နောက်ကျရသနည်း ဟူသော အကြောင်းအရင်းကို ရှာသော် အကြောင်း သုံးခု ရှိသည်ကို တွေ့နိုင်ပါသည်။
         ဣသရေလ လူမျိုးတို့၏ ကနဦး ယုံကြည်မှုတွင် ရှင်ပြန်ထမြောက်ခြင်း အယူအဆမျိုးကို မတွေ့ရပေ။ အဘယ်ကြောင့် ဆိုသော် ရှင်ပြန်ထမြောက်ခြင်း အတွေးအခေါ်သည် ၎င်းတို့၏ ရေခံမြေခံအတွင်းမှ ပေါက်ပွါးလာသော ယုံကြည်မှု တစ်ခုမဟုတ်ပေ။ အဆိုပါ ယုံကြည်မှုသည် အီဂျစ်တို့၏ ရေခံမြေခံအတွင်းမှ ပေါက်ပွါးလာသော ယုံကြည်မှု ဖြစ်ပါသည်။ အီဂျစ်လူမျိုးတို့၏ ဒဏ္ဍာရီကိုးကွယ်မှုများတွင် ရှင်ပြန်ထမြောက်ခြင်း နားလည်မှုကို တွေ့နိုင်ပါသည်။ အီဂျစ်နတ်ဘုရား Osiris အူစီရစ်စ် သည် တမလွန်တွင် ရှင်ခြင်း နှင့် ဆိုင်သော နတ်ဘုရား ဖြစ်ပါသည်။ အီဂျစ် ဒဏ္ဍာရီများအရ အူစီရစ် နတ်ဘုရားသည် အသတ်ခံရပြီး ပြန်လည်ရှင်ပြန်လာသော ဘုရားဖြစ်ကာ အီဂျစ်တို့၏ သေလွန်ပြီးနောက် တမလွန် နှင့် ဆိုင်သော နတ်ဘုရား ဖြစ်လာပါသည်။ အဆိုပါ သေလွန်သော တမလွန်ဘဝ လက်ခံယုံကြည်မှုသည်
        ဣသရေလ လူမျိုးတို့အတွက် အဆိုပါ သေလွန်သော် တမလွန်ရှင်ပြန်ထမြောက်ခြင်းသည် ရေခြားမြေခြားမှ အယူအဆ ဖြစ်သောကြောင့် မိမိတို့၏ ယုံကြည်မှုစနစ်အတွင်း သို့ မထည့်သွင်းရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဂျူးရေခံမြေခံအတွင်းသို့ ရှင်ပြန်ထမြောက်ခြင်း အယူအဆ ဝင်ရောက်လာသည်မှာ အလွန်ပင် နောက်ကျရခြင်း ဖြစ်ပါသည်။ ဤသည်မှာ ပထမ အကြောင်းတရား ဖြစ်ပါသည်။
          ဒုတိယ အချက်မှာ ဣသရေလလူမျိုးတို့၏ ဘုရားသခင်အပေါ် ယုံကြည်သော ယုံကြည်မှု ကြောင့် ဖြစ်ပါသည်။ ၎င်းတို့ လက်ခံထားသည်မှာ ဘုရားသခင်သည် အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး တန်ခိုးအာဏာအကြွင်းမဲ့ ရှိသောကြောင့် ဘုရားသခင်၏ တန်ခိုးအာဏာသည် သေခြင်းအပေါ် ကိုပါ လွှမ်းမိုးနိုင်ပါသည်။ သေဆုံးပြီး နောင်တမလွန် ဟူသော အယူအဆသည် ဂျူးတို့အတွက် သီးသန့် စဉ်းစား ယုံကြည်ရန် မလိုအပ်ဘဲ ဘုရားသခင်၏ တန်ခိုးအာဏာ ဟူသော ခေါင်းစဉ်အောက်တွင် အကျုံးဝင်ပြီး ဖြစ်ပါသည်။ ထို့ကြောင့် သေလွန်ပြီး ရှင်ပြန်ထမြောက်ခြင်းဟူသော ယုံကြည်မှုသည် ဣသရေလဘာသာရေး ရေခံမြေခံအတွင်းသို့ နောက်ကျမှ ဝင်ရောက်လာသော အကြောင်းတရား တစ်ခု ဖြစ်ပါသည်။
           နောက်ဆုံးအကြောင်းတရားမှာ ၎င်းတို့၏ လူသားအပေါ် နားလည်မှု ဖြစ်ပါသည်။ က္ကသရေလ လူမျိုးတို့၏ လူသားအပေါ် နားလည်မှု သည် ဂရိတို့၏ နားလည်မှု နှင့် လွန်စွာကွဲပြားပါသည်။ လူသား ဟု ဆိုရာတွင် ဂရိတို့သည် ခန္ဓာ နှင့် ဝိဥာဏ် ဟူ၍ နှစ်မျိုးခွဲခြား နားလည်ပါသည်။ ဝိဥာဏ်သည် ခန္ဓာအတွင်း၌ ကိန်းအောင်းနေပြီး ခန္ဓာသေလွန်ပြီးခါမှ ဝိဥာဏ်သည် ခန္ဓာအတွင်းမှ လွတ်မြောက်မည် ဖြစ်ပါသည်။ ဣသရေလ လူမျိုးတို့၏ နားလည်မှုသည် ထိုကဲ့သို့ မဟုတ်ဘဲ ခန္ဓာ၊ ဝိဥာဏ်ဟူ၍ ခွဲခြားနားလည်မှု မရှိပေ။ လူသား ကို နားလည်ရာတွင် ဥဿုံနားလည်မှု အမြင်ဖြင့်နားလည်ပြီး ခန္ဓာ၊စိတ်၊ဝိဥာဏ် အားလုံး ပါဝင်မှသာ လူသား ဟု နားလည်သော နားလည်မှု ဖြစ်ပါသည်။ အဆိုပါ နားလည်မှု ဖြင့် နားလည်သော အခါ သေလွန်သောအခါ မပျက်စီးသော ဝိဥာဏ်ရှင်ပြန်ထမြောက်ခြင်းဟု ဆိုရာတွင် ဣသရေလလူမျိုးတို့၏ နားလည်မှု နှင့် ဖြောင်ဖြောင်ကြီး ဆန့်ကျင်နေလေသည်။ အဆိုပါ အကြောင်းတရား သုံးခုကြောင့် ဣသရေလလူမျိုးတို့၏ ဘာသာရေး ရေခံမြေခံအတွင်းသို့ ရှင်ပြန်ထမြောက်ခြင်း အယူအဆသည် နောက်မှသာ ဝင်ရောက်နေရာယူလာခြင်း ဖြစ်ပါသည်။

၃.၂။ သေလွန်ပြီး နောက်ဘဝ နှင့် ဣသရေလ နိုင်ငံရေး

          သေလွန်ပြီး နောက်ဘဝသည် ဣသရေလ လူမျိုးတို့၏ အာရုံစူးစိုက်မှု တစ်ခု မဟုတ်ပေ။ ဣသရေလလူမျိုးတို့ အဖို့ သေလွန်သောသူသည် ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ Sheol ဆိုသော အရပ်သို့ ရောက်ရှိမည်ဖြစ်ကြောင်းကို လက်ခံယုံကြည်သူများ ဖြစ်ပါသည်။ ထို့အပြင် ဣသရေလ လူတို့အဖို့သေဆုံးပြီးနောက်ပိုင်း မိသားစု အခမ်းအနားနှင့်သိက္ခာရှိစွာ သဂြိုလ်ခြင်းသည် သေဆုံးပြီးနောက်ပိုင်း အသက်ရှင်ခြင်း ကိစ္စထက် ပိုမိုအလေးထားသော အကြောင်းအရာဖြစ်ပါသည်။ မိသားစုအတွင်း အသက်သေဆုံးပြီး မြှုပ်နှံခြင်းမခံရမှုသည် အဆိုပါမိသားစုအတွက် ကြီးမားသော ကျိန်စာခံရခြင်းအဖြစ် ယူဆကြပါသည်။ မိသားစု အခမ်းအနားနှင့် မြှုပ်နှံသဂြိုလ်ခြင်းသည် မိသားစုအတွင်း သေဆုံးသူနှင့် မမေ့နိုင်စရာ အဖြစ်အပျက်များကို ပြန်လည်အမှတ်ရခြင်းနှင့် သေဆုံးသူအတွက် နောက်ဆုံးအကြိမ် အကောင်းဆုံးပြုလုပ်ပေးခြင်းဟု ဣသရေလတို့ နားလည်ပါသည်။ ထို့ကြောင့် ဣသရေလတို့၏ သေလွန်ပြီးအခြေအနေ နားလည်မှုသည် မိသားစု မျိုးနွယ် မျိုးရိုး ဂုဏ်သိက္ခာများနှင့် ဆက်စပ်လျက်ရှိသော နားလည်မှု ဖြစ်ပြီး၊ သေလွန်ပြီး ရှင်ပြန်ထမြောက်ခြင်း သည် ၎င်းတို့၏ အာရုံစိုက်မှု တစ်ခုမဟုတ်ခဲ့ပေ။
          သို့သော် ဣသရေလ လူထုအတွင်းသို့ ရှင်ပြန်ထမြောက်ခြင်း နားလည်မှုဝင်ရောက်လာသည်မှာ မက္ကာဘီးယန်း အရေးအခင်းကာလတွင် အစပြုသည်ဟု ဆိုနိုင်ပါသည်။ တိတိကျကျဆိုရလျှင် အန်တိယိုကပ် ဘုရင် Antiochus IV လက်ထက် ဘီစီ ၁၆၇ တွင် ဣသရေလ သန့်ရှင်းသူများနှင့် သူရဲကောင်းများကို ဘုရင်မှ နှိပ်ကွပ်ညှင်းပမ်း သတ်ဖြတ်ရာမှ အစပြုခဲ့ပါသည်။ 
           ဤနေရာတွင် မက္ကာဘီးယန်း အရေးအခင်းနှင့် ရေခံမြေခံကို နားလည်ရန်လိုအပ်ပါသည်။ ဘီစီ ၂ရာစုကာလများတွင် ဣသရေလ မြို့ပြတိုင်းပြည်နှစ်ခုဖြစ်သော ဂျေရုစလင် နှင့် ယုဒပြည်တို့သည် အင်အားကြီးသော အင်ပါယာ နှစ်ခုဖြစ်သည့် အီဂျစ်အင်ပါယာနှင့် ဆီးရီယားအင်ပါယာနှစ်ခုအကြားတွင် ကျရောက်နေပါသည်။ အီဂျစ်ကို တိုလမီ ဘုရင်များ အုပ်ချုပ်ပြီး ဆီးရီးယားကို ဆီလီယူစစ် Seleucids ဘုရင်များအုပ်ချုပ်နေပါသည်။ ဆီလီယူစစ်ဘုရင်များတွင် အန်တီယိုကပ်Antiochus IV ဘုရင်သည်လည်း အပါအဝင်ပင်ဖြစ်ပါသည်။ ထိုခေတ်ကာလသည် ဆီးရီးယားအင်ပါယာတွင် ဂရိအတွေးအခေါ်များ ထွန်းကားသည့်ကာလဖြစ်ပါသည်။ ဘီစီ ၁၆၈တွင် Antichous IVဘုရင်သည် ဂျေရူစလင်ကိုသိမ်းပိုက်နိုင်ခဲ့ပြီး ဣသရေလလူတို့၏ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု အစရှိသည်တို့နေရာတွင် ဂရိအတွေးအခေါ် ယဉ်ကျေးမှု ယုံကြည်မှုတို့ကို အစားထိုးရန် ကြိုးပမ်းလာခဲ့ပါသည်။ ဂရိ ဇူးစ် နတ်ဘုရားကိုသာ ကိုးကွယ်စေခြင်း အစရှိသည်တို့ကို အတင်းအဓမ္မပြုလုပ်လာပြီး ငြင်းဆန်သူများကိုလည်း သတ်ဖြတ်မှုများ ပြုလုပ်လာပါသည်။ အဆိုပါ လုပ်ရပ်များကို မခံမရပ်နိုင်သော ဂျူး ယစ်ပုရောဟိတ် မက်တာသီးယစ် Mattathias ၏ သားများဖြစ်သူ Maccabeus များက တော်လှန်ရေး အစပြုခြင်းဖြင့် မက္ကာဘီးယန်းတော်လှန်ရေးဟူ၍ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
           သမ္မာကျမ်းစာတွင် ဤအကြောင်းအရာများကို လုံးစေပတ်စေ့ မဖော်ပြသော်လည်း ကျမ်းပယ်များနှင့် ဂျူးစာပေများတွင် တွေ့နိုင်ပါသည်။ ထိုကဲ့သို့ ညှင်းပမ်းနှိပ်စက်မှုများ ခံရသောအခါ မိမိယုံကြည်မှုကိုမစွန့်လွှတ်ဘဲ ကြံ့ကြံ့ခံသူများသည် ယခုအသက်သေဆုံးသွားသော်လည်း တစ်နေ့တွင်ပြန်လည်ရှင်ပြန်မည်ဟူသော ယုံကြည်မှုသည် ဝင်ရောက်လာကာ ဣသရေလလူထု၏ နိုင်ငံရေး စုစည်းမှုအတွက် အရေးပါသော ယုံကြည်မှု ဖြစ်လာခဲ့ပါသည်။ ဒံယေလ အနာဂတ္တိကျမ်း အခန်းကြီး ၁၂ တွင်သာ ရှင်ပြန်ထမြောက်ခြင်းနှင့် ဆိုင်သော  အရေးအသားကို တွေ့နိုင်ပါသည်။ 

၃.၃။ ရှင်ပြန်ထမြောက်ခြင်း နှင့် ကျမ်းပယ်များ

         ဓမ္မဟောင်း နှင့် ဓမ္မသစ် ကျမ်းစာများတွင် မှတ်တမ်းတင်ခြင်းမခံရသော ကာလတစ်ခုရှိခဲ့ပါသည်။ အဆိုပါကာလကို ကြားကာလ Inter- Testamental ဟု ဆိုပါသည်။ အဆိုပါကာလတွင် ဣသရေလလူတို့၏ ဒုက္ခ သုက္ခ နှင့် ဘုရားသခင်အကြား ဆက်နွယ်မှုများကို ကျမ်းပယ်များတွင် လေ့လာနိုင်ပါသည်။ အတိအကျ ဆိုရာသော် အေပိုခရပ်ဖာ ဟုခေါ်သော စာပေများ၊ ကွမ်ရမ် ဟု ခေါ်သော စာပေများနှင့် တဲလ်မွတ် ဟုခေါ်သော ကျမ်းစာများတွင် တွေ့နိုင်ပါသည်။ အဆိုပါကာလတွင် ဣသရေလလူထုကြားတွင် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ယုံကြည်မှု တဟုန်ထိုးကြီးထွားလာသည်ဟု ဆိုနိုင်ပါသည်။ 
          မက္ကာဘီးယန်း ဒုတိယ စာစောင် အခန်းကြီး ၇ တွင် ဖော်ပြထားသော ပုံပြင်တစ်ခုတွင် ရှင်ပြန်ထမြောက်ခြင်း ယုံကြည်မှုကိုတွေ့နိုင်ပါသည်။ အမျိုးသမီး တစ်ယောက်၏ သား ခုနစ်ယောက်သည် ညှင်းပမ်းခံရပြီး သေဆုံးသွားသောအခါ အဆိုပါ အမျိုးသမီးက ဘုရားသခင်ထံတွင် သူမ သားများ၏ အသက် နှင့် ဘဝ ရှင်ပြန်ထမြောက်မည့်အကြောင်း ဆုတောင်းခြင်းဖြစ်ပါသည်။ ဣသရေလလူထု၏ ခန္ဓာရှင်ပြန်ထမြောက်ခြင်း ယုံကြည်မှု ပင် ဖြစ်ပါသည်။
        မက္ကာဘီးယန်းစာစောင် နှင့်ကွဲလွဲစွာ နားလည်သော ရှင်ပြန်ထမြောက်ခြင်း နားလည်မှုကို Sirach စိရာ စာစောင်တွင်လည်း တွေ့နိုင်ပါသည်။ Sirachစာစောင်တွင် ခန္ဓာသေလွန်သော်လည်း နာမည်နှင့် လုပ်ရပ်သည် အမြဲရှင်သန်နေမည် ဟူသော နားလည်မှုကို အခန်းကြီး ၄၄ အခန်းငယ် ၁၄ တွင် “Their bodies are buried in peace, but their name lives on generation after generation” ဤကဲ့သို့ ရေးသားထားသည်ကို တွေ့နိုင်ပါသည်။ 
       ထိုကြားကာလတွင် ဂရိတို့၏ အတွေးအခေါ်သည်လည်း ဣသရေလလူထုအကြားတွင် ပျံ့နှံ့ဝင်ရောက်လျက်ရှိပြီးဖြစ်သည်။ ထို့ကြောင့် တချို့သော ကျမ်းပယ်စာစောင်များတွင် ဂရိအတွေးအခေါ်တစ်ခုဖြစ်သော ‘ခန္ဓာသည် မတည်မြဲ ဝိဥာဏ်သည်သာ ထာဝရ အသက်ရှင်မည်’ ဟူသော နားလည်မှုကို တွေ့နိုင်ပါသည်။ Wisdom of Solomon စာစောင် အခန်းကြီး ၁ အခန်းငယ် ၁၂မှ ၁၅ အထိဖတ်ပါက အဆိုပါနားလည်မှုကို တွေ့နိုင်ပါသည်။ အဆိုပါ ရှင်ပြန်ခြင်းနားလည်မှုသည် မက္ကာဘီးယန်း နားလည်မှုနှင့် ကွဲပြားလျက်ရှိပါသည်။
       ထို့အပြင် ရှင်ပြန်ထမြောက်ခြင်းကို ဆုလာဘ်တစ်ခု အဖြစ်နားလည်ကြသူများလည်း ရှိပါသည်။ တိုရာ ကျမ်းငါးကျမ်း (ကမ္ဘာဦး၊ ထွက်မြောက်ရာ၊ တောလည်ရာ၊ ဝတ်ပြုရာ၊ တရားဟောရာကျမ်း) တွင်ပါဝင်သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး မှန်ကန်ဖြောင့်မတ်စွာ အသက်ရှင်သန်ပါက သေလွန်သောအခါ ဆုလာဘ်အဖြစ် ပြန်လည်ရှင်ပြန်မည်ဟူသော နားလည်မှုဖြစ်ပါသည်။ အက်စ်ထရပ် ဒုတိယစာစောင် 2 Esdras 7:89တွင် “During their time that they lived in it, they laboriously served the Most High, and withstood danger every hour so that they might keep the law of the Lawgiver perfectly.”ဤကဲ့သို့ ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။ 
             အချုပ်အားဖြင့် ဆိုသော် ရှင်ပြန်ထမြောက်ခြင်း ယုံကြည်မှုသည် ဣသရေလလူထု၏ မူရင်းယုံကြည်မှု တစ်ခုမဟုတ်ပေ။ အီဂျစ်ဒဏ္ဍာရီများမှ အစပြုခဲ့ပြီး ဣသရေလအတွေးအခေါ် ယုံကြည်မှု အတွင်းသို့ နောက်ကျမှ ဝင်ရောက်လာသော ယုံကြည်မှုဖြစ်ပါသည်။ အဘယ်ကြောင့် နောက်ကျခဲ့ရသနည်း ကိုလည်း ရှင်းလင်းခဲ့ပြီးဖြစ်ပါသည်။ ရှင်ပြန်ထမြောက်ခြင်း အတွေးအခေါ်သည် နိုင်ငံခြားဖြစ်ဖြစ်သည်။ ထို့အပြင် ဣသရေလတို့ နားလည်ခဲ့သော ဘုရားသခင်၏ တန်ခိုးသည် သေခြင်းနယ်နိမိတ်အထိပေါက်ရောက်သောကြောင့် တကူးတက အနိုင်ယူရန် မလိုပေ။ ဣသရေလတို့၏ လူသားအပေါ်နားလည်ရာတွင် ခန္ဓာ၊စိတ်၊ဝိဥာဏ် ခွဲခြားနားလည်မှု မရှိသောကြောင့် ခန္ဓာသေသော်လည်း ဝိဥာဏ်ထမြောက်မည် ဟူသော နားလည်မှုသည် ဣသရေလတို့၏ ယုံကြည်မှုအတွင်းသို့ ဝင်ရောက်လာရန် နောက်ကျနေရခြင်း ဖြစ်နိုင်ပါသည်။
         ဣသရေလလူထုအတွင်းသို့ ရှင်ပြန်ထမြောက်ခြင်း အတွေးအခေါ်ဝင်ရောက်လာရသည်မှာ ဣသရေလ လူ့အဖွဲ့အစည်းတွင် နိုင်ငံရေး၊ စီးပွါးရေး လူမှုရေး ဖိနှိပ်မှုများ ကြုံဆုံလာရချိန်တွင်ဖြစ်ပါသည်။ နိုင်ငံရေး စည်းလုံးမှု တစ်ခုအဖြစ်ပုံဖော်နိုင်စေရန် ဖိနှိပ်မှုများကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်စေရန် အစပြုရာမှ သူရဲကောင်းများသည် တစ်ချိန်တွင် ရှင်ပြန်ထမြောက်မည်ဟူသော ယုံကြည်မှုအဖြစ် ဣသရေလ ဘာသာရေးယုံကြည်မှု ဖြစ်လာရခြင်းဖြစ်ပါသည်။
           သို့သော် တူညီသော ရှင်ပြန်ထမြောက်ခြင်း ဘာသာရေး ယုံကြည်မှု တစ်ခုအဖြစ် ရှိမနေဘဲ အမျိုးမျိုးကွဲပြားခဲ့ပါသည်။ မက္ကာဘီးယန်းတော်လှန်ရေးတွင် ရှင်ပြန်ထမြောက်ခြင်းကို ခန္ဓာရှင်ပြန်ထမြောက်ခြင်း အဖြစ်နားလည်ပါသည်။ တချို့တို့သည် ရှင်ပြန်ထမြောက်ခြင်းကို နားလည်ရာတွင် နာမည်နှင့် စိတ်ဓာတ် ကျန်ရစ်နေခြင်းဟု နားလည်ပါသည်။ ဂရိအတွေးအခေါ် လွှမ်းမိုးသဖြင့် ဝိဥာဏ် ထာဝရတည်ရှိခြင်း ပုံစံဖြင့် နားလည်သူများလည်း ရှိသကဲ့သို့ တိုရာကို လိုက်နာသူများအတွက် ရှင်ပြန်ထမြောက်ခြင်းသည် ဆုလာဘ်တစ်ခုအဖြစ် ဣသရေလရေခံမြေခံတွင် နားလည်ကြသူများလည်း ရှိကြပါသည်။

၄။ ဓမ္မသစ်မှ နားလည်သော ရှင်ပြန်ထမြောက်ခြင်း

        ဓမ္မဟောင်းကာလ တွင် နားလည်သော ရှင်ပြန်ထမြောက်ခြင်း အမြင် နှင့် ဓမ္မသစ်ကျမ်းများတွင် ဖော်ပြထားသော သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း နားလည်မှုသည် ကွဲပြားမှုရှိပါသည်။ ဓမ္မသစ်ကာလတွင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို သမိုင်းဖြစ်စဉ်တစ်ခု အဖြစ် နားလည်ကြသကဲ့သို့ နောက်ဆုံးသောကာလဆိုင်ရာ မျှော်လင့်ချက်အဖြစ်လည်း နားလည်ကြပါသည်။
         ခရစ်ဝင်ကျမ်းတွင်ဖော်ပြထားချက်များကို လေ့လာကြည့်ပါက ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို အခြေအနေပြသက်သေများဖြင့် (circumstantial evidences)ဖော်ပြခဲ့သည်ကို တွေ့နိုင်ပါသည်။ ဟင်းလင်းဖြစ်နေသော ဂူသချိုင်း၊ ထမြာက်သွားသော ဂူထဲမှ အခြေအနေများသည် အခြေအနေပြသက်သေများသာ ဖြစ်ပါသည်။ ခရစ်ဝင်ကျမ်းများနှင့်မတူဘဲ ရှင်ပေါလုသည် ရှင်ပြန်ထမြောက်ခြင်းကို တစ်မျိုး နားလည် ဖော်ပြခဲ့ပါသည်။

၄.၁။ ရှင်ပေါလု နားလည်သော ရှင်ပြန်ထမြောက်ခြင်း

         ၁ ကော ၁၅:၃-၈ သည် ရှင်ပြန်ထမြောက်ခြင်းနှင့် ပတ်သက်၍ အစောဆုံးရေးသားခဲ့သော ယုံကြည်ရသော ရှင်ပေါလု၏ အမြင်ဖြစ်ပါသည်။ ဤကျမ်းပိုဒ်တွင် ရှင်ပေါလု ၏ ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော အမြင် ကိုသာမက ကနဦး ခရစ်ယာန်အသိုင်းအဝိုင်းအတွင်းမှ အခြေအနေများကိုပါ တွေ့နိုင်ပါသည်။ 
        ကနဦးခရစ်ယာန် အသိုင်းအဝိုင်းတွင် ပါတီ နှစ်ပါတီ အုပ်စု နှစ်စု ရှိပါသည်။ ရှင်ပေတရု နောက်လိုက်များ နှင့် ရှင်ယာကုပ် နောက်လိုက်များဟူ၍ သမုတ်နိုင်ပါသည်။ Ulrich Wilckens ဟုခေါ်သော ဂျာမန်ပညာရှင်က အဆိုပါ ကျမ်းပိုဒ်တွင် ရှင်ပေါလု၏ အရေးအသားကို ကြည့်ခြင်းအားဖြင့် ရှင်ပေါလု သည် ရှင်ပြန်ထမြောက်ခြင်းအမြင်ကို ဖော်ပြသည့် အချိန်တွင် ကနဦးခရစ်ယာန်တို့၏ ဦးဆောင်မှု အခန်းကဏ္ဍသည် ရှင်ပေတရု ဆီမှသည် ရှင်ယာကုပ်ဆီသို့ ကူးပြောင်းခဲ့ပြီး ဖြစ်သည့် အခြေအနေဟု ၎င်းက သုံးသပ်ပါသည်။ 
          ရှင်ပေါလုသည် ရှင်ပြန်ထမြောက်ခြင်းကို ဖော်ပြရာ၌ ခရစ်ဝင်ကျမ်းများကဲ့သို့ အခြေအနေပြသက်သေများဖြင့် ဖော်ပြခဲ့သည် မဟုတ်ဘဲ မျက်မြင်သက်သေ (eye witness) များဖြင့်ဖော်ပြခဲ့ပါသည်။ ၁ကော ၁၅:၃-၈ တွင် မျက်မြင်သက်သေများကို ထည့်သွင်းဖော်ပြခြင်းဖြင့် ရှင်ပေါလုသည် ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို ပို၍ ခိုင်မာစွာသက်သေပြနိုင်ရန် ရည်ရွယ်သည်ဟု ဆိုနိုင်သကဲ့သို့ တစ်ဖက်တွင်လည်း သူအပါအဝင် မျက်မြင်သက်သေ တမန်တော်များသည် တကယ့်အဖြစ်အပျက်များ၊ ဧဝံဂေလိတရားကို သက်သေခံနေခြင်းဖြစ်သည်ဟု ညွှန်းဆိုလိုခြင်းလည်း ဖြစ်နိုင်ပါသည်။ 
            ၁ကော ၁၅:၃-၈တွင် ရေးသားထားသော ရှင်ပေါလု၏ အရေးအသားကို ကြည့်ခြင်းအားဖြင့် ရှင်ပေါလု၏ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အမြင်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါသည်။ ခရစ်တော်သည် ရှင်ပြန်ထမြောက်ပြီ ဟုဆိုရာတွင် he was raised ဟု passive voice ဖြင့် ရေးသားခဲ့သည်ကိုကြည့်ခြင်းဖြင့် ဤဇာတ်လမ်း တစ်ခုလုံးတွင် ပြုလုပ်သူ subject မှာ ဘုရားသခင် ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ခရစ်တော်ကိုယ်တော်တိုင် သူ့ဘာသာသူ ထမြောက်လာခြင်းမဟုတ်ဘဲ ဘုရားသခင်မှ ထမြောက်စေခြင်းကြောင့် ဖြစ်သည် ဟု နားလည်နိုင်ပါသည်။ ဤသည်မှာ ဓမ္မဟောင်းကာလမှ ခံယူသော ဘုရားသခင်နှင့်ဆိုင်သော အမြင် နှင့် ကွက်တိကျ ဘောင်ဝင်လျက်ရှိသည်ကို တွေ့ရပါသည်။ ဓမ္မဟောင်းတွင် ဘုရားသခင်သည်သာ ဖန်ဆင်းရှင် သေခြင်းမှ ရွေးနုတ်သော အရှင် ဟု နားလည်ပါသည်။ 
              ၁ကော ၁၅း၄-၅ တွင် ရှင်ပေါလု ဖော်ပြထားသော “သဂြိုလ်ပြီး (buried) ရှင်ပြန်ထမြောက်ပြီး မှ ကေဖသည် မြင်ရ (appeared) သည်” ဟူသော စာကြောင်းကို ကြည့်ခြင်းဖြင့် ရှင်ပေါလုသည် ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ရပ်မှန် အဖြစ် ဣသရေလတို့ နားလည်သော နားလည်မှုတွင်းမှ ညွှန်းဆိုနေသည်ကို တွေ့နိုင်ပါသည်။ ἐτάφη etaphē(was buried) ဟု ဖော်ပြလိုက်ခြင်းဖြင့် ခရစ်တော် အမှန်တကယ်သေဆုံးကြောင်းပေါ်လွင်စေခဲ့ပါသည်။ ထို့နောက် appeared to ဟု သုံးလိုက်ခြင်းဖြင့် အမှန်တကယ် ရှင်ပြန်ထမြောက်သည်ဟု ဖော်ပြခြင်းဖြစ်သည်။ ဤသည်မှာ ဣသရေလ တို့၏ နားလည်မှုတစ်ခုဖြစ်သော ခန္ဓာရှင်ပြန်ထမြောက်ခြင်း နားလည်မှုအတွင်းမှ ခရစ်တော်၏ ရှင်ပြန်ထမြောက်မှုကို ဖော်ပြနေခြင်းဖြစ်ပါသည်။ 
         ဓမ္မသစ်ကျမ်းရေးသူများ အထဲတွင် မိမိသည် ရှင်ပြန်ထမြောက်ခြင်း၏ မျက်မြင်သက်သေ  ဖြစ်ပါသည် ဟု မိမိကိုယ်ကို ဝန်ခံသူမှာ ရှင်ပေါလုတစ်ဦးသာရှိပါသည်။ ၁ ကော ၁၅:၈ တွင် “ငါပင် မြင်ရ၏” (he appeared to me) ဟု ဝန်ခံထားပါသည်။ appeared ဟူသောနေရာတွင် ὤφθη (ōphthē) ဟု passive voice ပုံစံ (he was seen) ဟု ရေးသားထားပါသည်။ ထိုကဲ့သို့ အသုံးအနှုန်းမျိုးကို တကယ်မြင်တွေ့ရသည့် အခြေအနေတွင်သာ သုံးပါသည်။ 
          အချုပ်အားဖြင့်ဆိုသော် ရှင်ပေါလု နားလည်သော ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ဓမ္မဟောင်းတွင် ဣသရေလတို့နားလည်သော ရှင်ပြန်ထမြောက်ခြင်းဘောင်အတွင်းမှ နားလည်ခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ခရစ်တော်ကို ရှင်ပြန်ထမြောက်စေသူမှာ ဘုရားသခင်ဖြစ်ပြီး ခရစ်တော်၏ ခန္ဓာရှင်ပြန်ထမြောက်ခြင်းသည် အစစ်အမှန်ဖြစ်ကြောင်း၊ သူကိုယ်တိုင် မျက်မြင် ဖြစ်ကြောင်း မျက်မြင်သက်သေနည်းဖြင့် နားလည်ခဲ့ ဖော်ပြခဲ့ပါသည်။

၄.၂။ ခရစ်ဝင်ကျမ်းများမှ ဖော်ပြသော ရှင်ပြန်ထမြောက်ခြင်း

         ခရစ်ဝင်ကျမ်းများတွင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို အခြေအနေပြ သက်သေများဖြင့် ဖော်ပြခဲ့သည်ဟု ဤဆောင်းပါးတွင် ဆိုခဲ့ပြီးဖြစ်ပါသည်။ အခြေအနေပြ သက်သေဟု ဆိုရာတွင် ရှင်းလင်းမနေဘဲ ရှုပ်ထွေးမှုများစွာရှိနေသည်ကို တွေ့ရပါသည်။ 
        ခရစ်ဝင်ကျမ်းများတွင် ရှင်ပြန်ထမြောက်ခြင်း နှင့် တွဲလျက် ကိုယ်ထင်ပြခြင်းများကို ဖော်ပြထားသည်များကိုလည်း တွေ့ရပါသည်။ ထို့ကြောင့် ထိုအဖြစ်အပျက် နှစ်ခု ကို ယှဉ်တွဲ လေ့လာလျက် ရှင်ပြန်ထမြောက်ခြင်းကို နားလည်ရန် လိုအပ်သကဲ့သို့ အဖြစ်အပျက်တစ်ခုချင်းစီ၏ နောက်ကွယ်မှ သိတင်းစကားကိုလည်း သိရန်လိုအပ်ပါသည်။ 

၄.၂.၁။ ရှင်ပြန်ထမြောက်ခြင်း နှင့် ကိုယ်ထင်ပြခြင်း

         ရှင်မာကု ကျမ်းစာတွင် ရှင်ပြန်ထမြောက်ခြင်းကို ဟင်းလင်းဖြစ်နေသော ဂူ ဇာတ်လမ်း နှင့်သာ ညွှန်းဆိုထားပြီး (မာကု ၁၆:၁-၈) အဆိုပါ ဇာတ်လမ်းသည် ခရစ်တော် တပည့်တော်များကို ကိုယ်ထင်ပြခြင်းများနှင့် ဆက်စပ်မှု မရှိကြောင်း တွေ့နိုင်ပါသည်။ (မြန်မာဘာသာပြန် ယုဒဿန်မူကျမ်းစာတွင် မာကု၁၆:၈(က) သာပါပြီး  ၁၆:၈ (ခ)(ဂ) တို့ကို ဖြုတ်ကာ၊ မာကု ၁၆:၈ နှင့် ၁၆:၉သည် တစ်ဆက်တည်း ဖြစ်သကဲ့သို့ဘာသာပြန်ဆိုထားခြင်းကြောင့် ဂူဇာတ်လမ်း နှင့် ကိုယ်ထင်ပြခြင်း ဇာတ်လမ်းတို့သည် တစ်ဆက်တည်းရှိသယောင် ဖြစ်နေရခြင်းဖြစ်ပါသည်။ လက်လှမ်းမီနိုင်သော New Revised Standard Version ကို ပြန်လည်ကြည့်ရှုပါက  မာကု ၁၆:၈ (ခ) (ဂ) တို့ကို တွေ့နိင်ပါသည်။) အခြားသော ခရစ်ဝင်ကျမ်းများတွင်မူ ဟင်းလင်းဖြစ်နေသော ဂူ ဇာတ်လမ်း နှင့် ကိုယ်ထင်ပြခြင်းဇာတ်လမ်းများသည် ဇာတ်လမ်း တစ်ခုတည်းအဖြစ် ဆက်စပ်လျက်ရှိနေသည်ကို တွေ့ရပါသည်။ 
        မာကုတွင် ဖော်ပြထားသော ဟင်းလင်းပြင် ဂူကိစ္စ နှင့် ကိုယ်ထင်ပြမှု ဇာတ်လမ်းများ ဆက်စပ်မှု မရှိခြင်း ကို ကြည့်ခြင်းအားဖြင့် ခရစ်တော်ရှင်ပြန်ထမြောက်ခြင်း ဟင်းလင်းပြင် ဂူ ဇာတ်လမ်းနောက်ကွယ်ကပေးနေသော သိတင်း စကားနှင့် ကိုယ်ထင်ပြခြင်းဇာတ်လမ်း နောက်ကွယ်က ပေးနေသော သိတင်းစကားသည် တူညီမှုမရှိနိုင်ဟု John E Alsup ဟု ခေါ်သော ဓမ္မသစ်ကျမ်း ပညာရှင်က ယူဆပါသည်။ ခရစ်တော် တပည့်တော်တို့ကို ကိုယ်ထင်ပြခြင်း၊ မာဂဒလမာရိကို ကိုယ်ထင်ပြခြင်း၊ ဂါလိလဲတွင် ကိုယ်ထင်ပြခြင်း၊ ဧမောက်ရွာတွင် ကိုယ်ထင်ပြခြင်း အစရှိသည်တို့ကို ခရစ်ဝင်ကျမ်းရေးသားသူတို့ ထည့်သွင်းထားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သခင်ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းကို ထပ်မံ အတည်ပြုလိုခြင်းကြောင့် ဖြစ်နိုင်ပါသည်။ 
       ထို့အပြင် အခြားသော ရည်ရွယ်ချက််များလည်း ရှိပါသေးသည်။ ပထမတစ်ခုမှာ ခရစ်တော်သည် တပည့်တော်တို့ကို မစ်ရှင် စေလွှတ်ကြောင်း ပြသလိုသောရည်ရွယ်ချက်ဖြင့် ကိုယ်ထင်ပြခြင်းဇာတ်လမ်းကို ဆက်ရခြင်း ဖြစ်ပါသည်။ (မဿဲ ၂၈:၁၆-၂၀၊ လုကာ ၂၄:၃၆-၄၉၊ ယောဟန် ၂၀:၁၉-၂၃) ဒုတိယ ရည်ရွယ်ချက်မှာ တပည့်တော်တို့၏ အသိအမှတ်ပြုခြင်းကို ဖော်ပြလို၍ ဖြစ်နိုင်ပါသည်။ ရှင်ပြန်ထမြောက်အပြီး ပုံသဏ္ဍာန် နှင့် အသက်ရှိစဉ်က နေခဲ့သော ပုံသဏ္ဍာန် နှစ်ခု ရောယှက်ပြမှသာ တပည့်တော်တို့ မှတ်မိနိုင်သည်ကို ဖော်ပြထားခြင်းဖြင့် ရှင်ပြထမြောက်အပြီး တပည့်တော်တို့၏ အတွင်းစိတ် အခြေအနေ၊ သံသယဖြစ်ခြင်း စသည်တို့ကိုပြသနေခြင်း ဖြစ်ပါသည်။ 
ထိုသို့သော ရည်ရွယ်ချက်များကြောင့် ခရစ်တော် ကိုယ်ထင်ပြခြင်း ဇာတ်လမ်းများကို ခရစ်ဝင်ကျမ်းရေးသားသူတို့ အထူးသဖြင့် မာဿဲ၊ လုကာ၊ ယောဟန် ရေးသားသူတို့ ဖော်ပြရခြင်း ဖြစ်နိုင်ပါသည်။ 

၄.၂.၂။ သုံးရက်မြောက်နေ့

           လွယ်ကူရိုးရှင်းစွာ မှတ်ယူပါက ခရစ်တော်သည် အသတ်ခံရပြီးနောက် သုံးရက်မြောက်တွင် ရှင်ပြန်ထမြောက်သည် ဖြစ်ပါသည်။ သုံးရက်မြောက်နေ့ “On the third day“ ၊ သုံးရက်ပြီးနောက် “After three days“ ဟု ဆိုသော်လည်း အချိန်တွက်ချက်မှု နှင့် ပြန်လည်ချိန်ဆသော် သုံးရက်မြောက်နေ့ ဆိုသည်မှာ တိကျသော အချိန်ကို ဆိုလိုခြင်း မဟုတ်ဘဲ နောက်ကွယ်မှ ပေးနေသော သိတင်းစကားရှိကြောင်း တွေ့နိုင်ပါသည်။
         မဟာသောကြာကြီးနေ့ နေ့လည်ခင်းတွင် အသတ်ခံရပြီး တနင်္ဂနွေ မနက်စောစောတွင် ဂူထဲတွင် မရှိတော့သည်ဟု ဆိုခြင်းကြောင့် ခရစ်တော် ဂူထဲတွင် ရှိနေသည်မှာ သုံးရက်အချိန် မဟုတ်ဘဲ တစ်ရက်ခွဲသော အချိန်သာ ဖြစ်ပါသည်။ ထိုကြောင့် သုံးရက်ပြီးနောက် ရှင်ပြန်ထမြောက်သည်၊ သုံးရက်မြောက်နေ့တွင် ရှင်ပြန်ထမြောက်သည် ဟု ဆိုခြင်းမှာ အချိန် ညွှန်းဆိုမှုဟု မဆိုနိုင်ပေ။       
           ဘုရားသခင်၏ ဂရုဏာတော်၊ သနားခြင်းကို ဖော်ပြလိုခြင်းကြောင့်သာ ဣသရေလထုံးစံတွင် ရင်းနှီးမှု ရှိပြီးသား၊ နားလည်မှုရှိပြီးသား ပုံစံဖြင့် တင်ပြရခြင်းဖြစ်ပါသည်။ ဓမ္မဟောင်းကျမ်းများကို ပြန်လည် ကြည့်ရှုပါက ဘုရားသခင်၏ သနားခြင်းဂရုဏာ၊ ကယ်တင်ခြင်း သည် သုံးရက်မြောက်နေ့တွင် ပေါ်ထွန်းလာကြောင်း ထပ်ခါထပ်ခါ ဖော်ပြသည်ကို တွေ့ရပါမည် ဖြစ်ပါသည်။( ထွက်မြောက်ရာ ၁၉:၁၆၊ ကမ္ဘာဦး ၂၂:၄၊ ဟောရှေ ၆:၂) ထို့ကြောင့် ရှင်ပြန်ထမြောက်ခြင်းနားလည်မှုတွင် သုံးရပ်မြောက်နေ့၌ ရှင်ပြန်ထမြောက်သည် ဟုဆိုရာ၌ တိကျသော အချိန်၏ သဘောကို ညွှန်းဆိုနေခြင်း မဟုတ်ဘဲ   ဘုရားသခင်ဆီမှ လာသော ကျေးဇူးတော်၊ သနားခြင်းဂရုဏာ၊ ကယ်တင်ခြင်းသဘောကို ညွှန်းဆိုနေခြင်းဖြစ်ပါသည်။ 

၄.၂.၃။ ယေရုရှလင်လော၊ ဂါလိလဲပြည်လော။

        ရှင်ပြန်ထမြောက် အပြီးတွင် သခင်ခရစ်တော်သည် တပည့်တော်တို့ကို ကိုယ်ထင်ပြသည် ဆိုသည်မှာ ခရစ်ဝင်ကျမ်းများတွင် သခင်ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ တွေ့ရသော အခြေအနေပြ သက်သေဖြစ်ပါသည်။ သို့ရာတွင် ရှင်းလင်းမနေပေ။ သခင်ခရစ်တော် တပည့်တော်တို့ကို မည်သည့်နေရာတွင် ကိုယ်ထင်ပြခဲ့သနည်း။ ရှင်မဿဲ နှင့် ရှင်မာကုတို့သည် ဂါလိလဲပြည်ကို ညွှန်းဆိုခဲ့ကြသော်လည်း (မဿဲ ၂၈:၁၆-၁၇၊ မာကု ၁၆:၇) လုကာကျမ်းရေးသူသည် ယေရုရှလင်မြို့ သို့ ညွှန်းဆိုခဲ့ပါသည်။(တမန်တော် ၁:၄။ စကားချပ်... ဤတွင်မေးစရာရှိလာသည်မှာ အဘယ်ကြောင့် လုကာဟုဆိုပြီး တမန်တော်ကျမ်းကို ရည်ညွှန်းအဖြစ်ထည့်ပေးသနည်း ဟူ၍ဖြစ်ပါသည်။ လုကာ နှင့် တမန်တော်သည် အတွဲ နှစ်တွဲပါသော စာအုပ် ဖြစ်ပြီး နှစ်တွဲပေါင်းမှ တစ်အုပ်ဖြစ်ကာ ကျမ်းရေးသူတူသောကြောင့် ဖြစ်ပါသည်။) 
              အဘယ်ကြောင့် ဤသို ယေရုရှလင် နှင့် ဂါလိလဲ ဟူ၍ နေရာကွဲနေရသနည်း။ ဤပြသနာကို နည်းနှစ်နည်းဖြင့် အဖြေရှာနိုင်မည်ဖြစ်ပါသည်။ ပထမနည်းမှာ နေရာနှစ်ခုကို ပေါင်းစပ် အဖြေရှာမည် ဖြစ်ကာ ဒုတိယနည်းမှာ သီးခြားအဖြေထုတ်မည့်နည်း ဖြစ်ပါသည်။
              ဂျာမန်ပညာရှင်များဖြစ်သည့် Hans von Campenhausen နှင့် Hans Grass တို့က ပထမနည်းဖြင့် အဆိုပါပြသနာကို ဖြေရှင်းခဲ့ပါသည်။ Campenhausen ၏ သုံးသပ်ချက်မှာ တပည့်တော်များသည် အမျိုးသမီးများ သင်္ချိုင်းသို့သွားချိန်တွင် ယေရုရှလင်မြို့တွင် ရှိနေပြီး ဟင်းလင်ဖြစ်နေသောဂူအကြောင်းကို သိပြီးသောအခါမှ ဂါလိလဲသို့သွားရန်ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်ကို ချသူမှာ ပေတရု ဖြစ်ပါသည်။ ထို့ကြောင့် ခရစ်တော် ကိုယ်ထင်ပြသည့်နေရာကို ညွှန်းဆိုရာ၌ နှစ်နေရာစလုံးဖြစ်နိုင်သည် ဟု ဆိုခြင်းဖြစ်ပါသည်။ အဆိုပါသုံးသပ်ချက် နှင့် ဆန့်ကျင်၍ ပထမနည်းအတိုင်း သုံးသပ်ကြသူများလည်းရှိပါသည်။ အဆိုပါ အနုမာနအယူအဆမှာ တပည့်တော်တို့သည် အလောင်းကိုခိုးယူကြောင်း စွပ်စွဲခံရသောအခါ ကြောက်လန့်၍ ဂါလိလဲပြည်သို့ ထွက်ပြေးသည် ဟူ၍ ဖြစ်ပါသည်။ 
           ဒုတိယနည်း သီးခြားခွဲထုတ်သည့် နည်းဖြင့် ဤပဟေဠိကို အဖြေညှိကြသူများက ယေရုရှလင်၌ ကိုယ်ထင်ပြသည်ဟု ဆိုခြင်းမှာ ဟင်းလင်းဖြစ်နေသော ဂူကိုသာဆိုလိုခြင်းဖြစ်ပြီး ဂါလိလဲပြည်၌သာ တပည့်တော်များနှင့် ပေါင်းစုံခြင်းဟု ဆိုကြပါသည်။ ထို့အပြင် ယေရုရှလင်သည်သာ ကိုယ်ထင်ပြသည့်နေရာဟု ဆိုကြသူများက ဂါလိလဲ ဟု ညွှန်းဆိုရာတွင် တောင်ပိုင်းမှ ဂါလိလဲပြည် မဟုတ်ဘဲ ယေရုရှလင်မြို့ ဧရိယာအတွင်းမှ ဗေသနိမြို့ ( the area of Jerusalem- Galilah Yerushalayim) ကို ဆိုလိုခြင်းဖြစ်သည်ဟု ဆိုကြပါသည်။ 

၄.၂.၄။ ဟင်းလင်းဖြစ်သောဂူ

             ဟင်းလင်းဖြစ်သောဂူ ဇာတ်လမ်းကို ခရစ်ဝင်ကျမ်းအားလုံးတွင် တွေ့ရပါသည်။ ရှင်ပြန်ထမြောက်ခြင်းကို ညွှန်းဆိုရာ အခြေအနေပြသက်သေတွင် ဟင်းလင်းဖြစ်သော ဂူ ဇာတ်လမ်းသည် အခိုင်မာဆုံးသက်သေဟု ယူဆနိုင်ပါသည်။ လက်တွေ့တွင်မူ အဆိုပါ ဇာတ်လမ်းတွင်ပင် ဒဏ္ဍာရီ ဟု ယူဆနိုင်ဖွယ်ရာကောင်းသော အချက်များကို တွေ့နိုင်ပါသည်။ R H Fuller ဟု ခေါ်သော ပညာရှင်က ဟင်းလင်းဖြစ်သော ဂူ ဇာတ်လမ်းသည် ဂျူးတို့၏ သဂြိုလ်ခြင်း ထုံးစံကို လျစ်လျူရှုထားသည် ဟု ဆိုပါသည်။ 
      Rudolf Bultmann ဟုခေါ်သော ဓမ္မသစ်ကျမ်း ပညာရှင်က ဟင်းလင်းဖြစ်သော ဂူ ဇာတ်လမ်းသည် "apologetic legend" ဟု ဆိုပါသည်။ ထိုသို့စွပ်စွဲရခြင်းမှာ ရှေးကျသော ရှင်ပေါလု၏ စာစောင်တွင်ပင် ဂူ ကိစ္စ စိုးစဉ်းမျှ ဖွင့်ဟထားခြင်းမရှိသောကြောင့်လည်း ဖြစ်နိုင်ပါသည်။                
        ဟင်းလင်းဖြစ်နေသော ဂူ ကိစ္စမှာ ရှင်ပြန်ထမြောက်ခြင်းသိတင်စကားအတွက် အခိုင်မာဆုံးသက်သေဟု ယူဆနိုင်သော်လည်း လက်တွေ့တွင် အဓိကသက်သေဖြစ်မလာရခြင်း အကြောင်းတရား နောက်တစ်ခုမှာ ဂူကို တွေ့သူမှာ အမျိုးသမီးများ ဖြစ်နေပါသည်။ ထိုခေတ်အခါက အမျိုးသမီး များကို ဂျူးထုံးစံတွင် လက်ခံနိုင်ဖွယ်ရှိသော သက်သေအဖြစ်မယူဆပေ။ ထို့ကြောင့် ဟင်းလင်းပြင် ဂူ ဇာတ်လမ်းသည် ခရစ်တော်ရှင်ပြန်ထမြောက်ရာတွင် အများလက်ခံခဲ့သည့် သက်သေဖြစ်မလာခဲ့ပေ။ 
            အချုပ်အားဖြင့် ဆိုသော် ခရစ်ဝင်ကျမ်းများတွင် ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းကို ဖော်ပြရာ၌ ရှင်ပေါလု၏ မျက်မြင်သက်သေ နည်းလမ်းနှင့် မတူဘဲ အခြေအနေပြသက်သေ နည်းလမ်းဖြင့် ၎င်းတို့၏ ယုံကြည်မှုကို ဖော်ပြခဲ့ကြပါသည်။ ထိုသို့ဖော်ပြရာတွင် ကိုယ်ထင်ပြခြင်း ဇာတ်လမ်း နှင့် ဟင်းလင်းဖြစ်သော ဂူ ဇာတ်လမ်း ဟူ၍ သက်သေ လမ်းကြောင်း နှစ်ခု ရှိခဲ့ပါသည်။ ကိုယ်ထင်ပြခြင်းဇာတ်လမ်း၌ ခရစ်တော်၏ ဖွင့်ပြခြင်း သဘော ပါရှိခဲ့ပြီး တပည့်တော်တို့အပေါ်ထားသောရူပါရုံများနှင့် လွှမ်းခြုံလျက်ရှိပါသည်။ 
            ထို့အပြင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ဖော်ပြရာတွင် ခရစ်ဝင်ကျမ်းရေးသူတို့သည် ဂျူးတို့၏ ဘာသာရေးထုံးစံဘောင်အတွင်းမှလည်း ဖော်ပြခဲ့ပါသည်။ သုံးရက်မြောက်နေ့ ဆိုသော ဓမ္မသဘောသည် တိကျသော အချိန်ကို ညွှန်းဆိုခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ကယ်တင်ခြင်းဂရုဏာကို ဂျူးထုံးတမ်းအစဉ်အလာအတွင်းမှ ညွှန်းဆိုခြင်းဖြစ်သည်ကို တွေ့နိုင်ပါသည်။ 
             သို့ရာတွင် ကိုယ်ထင်ပြရာနေရာဟုဆိုရာတွင် မရေရာမှုများစွာရှိခဲ့ပါသည်။ တိကျစွာ ညွှန်ပြနိုင်ခြင်းမရှိခဲ့ပေ။ 
             နောက်ထပ်သက်သေလမ်းကြောင်းတစ်ခုဖြစ်သော ဟင်းလင်းပြင် ဂူ ကိစ္စသည် ကျမ်းများအားလုံးတွင် ပါဝင်သောကြောင့် ခိုင်မာသည်ဟု ယူဆခဲ့သော်လည်း သက်သေလမ်းကြောင်းနှစ်ခုအနက် အားနည်းသောလမ်းကြောင်းဖြစ်ခဲ့ပါသည်။ မိမိတို့ယုံကြည်မှုကို ခုခံကာကွယ်သည့် သဘောဖြင့် တင်ပြလိုက်သည့် အခြေအနေပြသက်သေ ဟု ယူဆနိုင်စရာပင် ဖြစ်ပါတော့သည်။ 

၅။ အသင်းတော် နှင့် ရှင်ပြန်ထမြောက်ခြင်း

          ဤအပိုင်းတွင် ကနဦးအသင်းတော်၊ အရှေ့ပိုင်း ဩသိုဒေါ့စ်အသင်းတော်နှင့် ၂၀ရာစုတွင် ခေတ်စားခဲ့သော ကြောင်းကျိုးဆက်စပ်မှု reason အပေါ်အခြေခံ၍ နားလည်သော ရှင်ပြန်ထမြောက်ခြင်း အမြင်များကို တင်ပြသွားမည်ဖြစ်ပါသည်။

၅.၁။ ကနဦးအသင်းတော်မှ နားလည်သော ရှင်ပြန်ထမြောက်ခြင်း

          ဓမ္မသစ်ကာလကို ကျော်လွန်ပြီး ကနဦး အသင်းတော်ခေတ်ရောက်လာသောအခါ ရှင်ပြန်ထမြောက်ခြင်း နားလည်မှုသည် ခရစ်ယာန် ယုံကြည်မှုနှင့် ကျင့်သုံးမှုတွင် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသေးလား ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါသည်။ 
          သခင်ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းကို အံ့ဩောဖွယ် နမိတ်လက္ခဏာ အဖြစ် လက်ခံခဲ့ပြီး၊ များသောအားဖြင့် ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းထက် ခရစ်ယာန်တို့၏ သေလွန်ပြီးလျှင် ရှင်ပြန်ခြင်း ယုံကြည်မှုကို ပိုမိုဇောင်းပေးခဲ့သည်ကို တွေ့ရပါသည်။ ဥပမာအားဖြင့် အသင်းတော်ဖခင်ကြီး ကလီးမန့် ရေးသားခဲ့သော စာစောင်တွင် ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ဤသို့ဖော်ပြခဲ့ပါသည်။ “Jesus resurrection is a proof or principle for the resurrection of the dead, not its reason.“ ဟူ၍ ဖြစ်ပါသည်။ ထို့ကြောင့် ကနဦး အသင်းတော်ခေတ်ကာလတွင် ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းကို အာရုံစိုက်သည်ထက် ခရစ်ယာန်များသေလွန်ပြီးနောက် ရှင်ပြန်ထမြောက်မည်ဟူသော ယုံကြည်ချက်ကို ပိုမိုအလေးပေးခဲ့သည်ကို တွေ့နိုင်ပါသည်။
          ထို့အပြင် ကနဦးအသင်းတော်ကာလတွင် ရှင်ပြန်ထမြောက်ခြင်း အကြောင်းအရာ မှေးမှိန်နေရခြင်းမှာ ခရစ်တော်နှင့် ပတ်သက်လာလျှင် အခြားသော ငြင်းခုန်မှုများက ပိုမိုရေပန်းစားနေသော​ကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဥပမာဆိုရသော် -ခရစ်တော်သည် ဘုရားလား၊ လူလား? ဟူသော ငြင်းခုန်မှုမျိုး၊ အကယ်၍ ဘုရားဟုဆိုခဲ့သော် ဣသရေလလူတို့ လက်ခံသော ယာဝေး ဘုရားနှင့် မည်သို့ပတ်သက်မှုမျိုး ရှိသနည်း.... စသည့် မေးခွန်းများကြောင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းအရာသည် မှေးမှိန်နေရသည်ဟု သုံးသပ်နိုင်ပါသည်။ 
         ထိုခေတ်က ကယ်တင်ခြင်းဆိုင်ရာနားလည်မှုကြောင့်လည်း ရှင်ပြန်ထမြောက်ခြင်းသည် အရေးကြီးသော အခန်းကဏ္ဍတွင်ရှိမနေရခြင်းလည်း ဖြစ်ပါသည်။ ကနဦးအသင်းတော်ကာလတွင် ကယ်တင်ခြင်းဟုဆိုရာတွင် juridical satisfaction theory ဟု လူသိများသော အယူအဆ အားကောင်းပါသည်။ ခရစ်တော်၏ အသက်စွန့်ပေးဆပ်မှုကြောင့် အားလုံးအပြစ်မှ လွတ်မြောက်ပြီဟူသော ကယ်တင်ခြင်းနားလည်မှုဖြစ်ပါသည်။ အဆိုပါ နားလည်မှုတွင် ခရစ်တော် အသေခံခြင်းသည် အခရာကျပြီး ရှင်ပြန်ထမြောက်ခြင်းသည် အာရုံစိုက်စရာလိုသော အကြောင်းတရား တစ်ခုမဟုတ်ခဲ့ပေ။
             အချုပ်အားဖြင့်ဆိုသော် ကနဦးအသင်းတော်ကာလတွင် ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းသည် အရေးပါသော အကြောင်းအရာ မဟုတ်ခဲ့ပေ။ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို နိမိတ်လက္ခဏာ ဟုသာ နားလည်ပြီး ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းထက် သေလွန်ပြီးရှင်ပြန်မည်ဟူသော ခရစ်ယာန်ယုံကြည်မှုကို ဦးစားပေး တည်ဆောက်ခဲ့ပါသည်။ ထို့အပြင် ခရစ်တော် ရှင်ပြန်သည် မရှင်ပြန်သည်ထက် ခရစ်တော်သည် ဘုရားလား လူလား ဟူသော မေးခွန်းက ကနဦးအသင်းတော်ကာလတွင် လွှမ်းမိုးခဲ့ပါသည်။ ကယ်တင်ခြင်းနားလည်မှုတွင်လည်း ခရစ်တော်အသေခံခြင်းသည်သာ အခရာကျခဲ့ပါသည်။ 

၅.၂။ အရှေ့ပိုင်း အသင်းတော် (အော်သိုဒေါ့စ်အသင်းတော်) မှ နားလည်သော ရှင်ပြန်ထမြောက်ခြင်း

        ကနဦးအသင်းတော် နှင့်မတူဘဲ အော်သိုဒေါ့စ် အသင်းတော်တွင် ရှင်ပြန်ထမြောက်ခြင်းသည် အရေးပါသော အခန်းကဏ္ဍတွင်ရှိသည်ကို တွေ့နိုင်ပါသည်။ ၎င်းတို့က ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ကယ်တင်ခြင်း၏ အထွဋ်အထိပ်ဖြစ်သည် ဟု နားလည်ခဲ့ပါသည်။ ခရစ်တော်သည် သေခြင်းနိုင်ငံတော်ကို အောင်နိုင်ခဲ့သော အောင်နိုင်သူအဖြစ် ဖွဲ့ဆိုထားသည်ကို ၎င်းတို့၏ ဓမ္မသီချင်းစာအုပ်များတွင် တွေ့နိုင်ပါသည်။ 
         ထို့အပြင် အရှေ့ပိုင်းအသင်းတော်မှ ယုံကြည်သည်မှာ ခရစ်တော်သည် ငရဲကိုလူသားဝိဥာဏ်အဖြစ်သာမက ဘုရားအနေဖြင့်ပါ အောင်နိုင်ခဲ့သည်ဟူ၍ဖြစ်ပါသည်။ ခရစ်တော်၏ ခန္ဓာသည် ဝိဥာဏခန္ဓာအဖြစ် ပြောင်းလဲသွားပြီး သုံးပါးတစ်ဆူ ဘုရားအဖြစ် ပူးပေါင်းနိုင်ခဲ့သည်ဟု လက်ခံပါသည်။ ထို့ကြောင် ခရစ်တော်၏ ဝိဉာဏကိုယ်သည် ဘုရားဖြစ်ခြင်း၏ အရင်းအမြစ်ဖြစ်ပြီး ယုံကြည်သူများအတွက် စွမ်းအင်နှင့်ညသန့်ရှင်းမှူကို ပေးသောအရာဟု ၎င်းတို့က ယုံကြည်ပါသည်။ 
          အော်သိုဒေါစ့်အသင်းတော်အဖို့ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းသည် နားလည်မှုနှစ်ခုနှင့် ဆက်စပ်နေပါသည်။ ပထမတစ်ခုမှာ Hypostatic Union ဟု ခေါ်သော လူသားသဘာဝနှင့် ဘုရားသဘာဝ ခရစ်တော်တွင် တစ်ခုတည်းအဖြစ် ရှိနေခြင်း ဖြစ်ပါသည်။ ဒုတိယ နားလည်မှု တစ်ခုမှာDivinization  ဟုခေါ်သော ဘုရားဖြစ်ခြင်းပင် ဖြစ်ပါသည်။ 
            ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းတွင် အပိုင်းသုံးပိုင်းပါသည်ဟု ၎င်းတို့ကနားလည်ပါသည်။ ပထမတစ်ပိုင်းမှာ သင်္ချိုင်းတွင်းမှ ခရစ်တော်၏ ခန္ဓာ ကို ဝိဉာဏခန္ဓာအဖြစ်ပြောင်းလဲရာတွင်ပါဝင်သော သုံးပါတစ်ဆူ၏ အခန်းကဏ္ဍ (the Act of Trinatarian persons in spiritualizing the body of Jesus laying in the tomb)၊ ဒုတိယတစ်ပိုင်းမှာ ငရဲကိုအောင်နိုင်ပြီး လူသားတို့၏ ဝိဥာဏ်များကိုကယ်တင်ခဲ့သော ရှင်ပြန်ထမြောက်သူ ခရစ်တော်၏ တန်ခိုး ( the royal Power of Risen Christ who descends into hell to defeat the power of death and to save human souls) နှင့် တတိယအပိုင်းမှာ  ခရစ်တော်၏ ဝိဉာဏကိုယ်သည် ဘုရားဖြစ်ခြင်း၏ အရင်းအမြစ်ဖြစ်ပြီး ယုံကြည်သူများအတွက် စွမ်းအင်နှင့်ညသန့်ရှင်းမှူကို ပေးသောအရာ ဟူ၍ ဖြစ်ပါသည်။ 
            အချုပ်အားဖြင့် ဆိုသော် ရှင်ပြန်ထမြောက်ခြင်းသည် အော်သိုဒေါ့စ်အသင်းတော်တွင် အလွန်ပင်အရေးပါခဲ့ပါသည်။ ရှင်ပြန်ထမြောက်ခြင်းကို ကယ်တင်ခြင်း၏ အထွဋ်အထိပ်အဖြစ် နားလည်သကဲ့သို့ သုံးပါးတစ်ဆူဖြစ်ခြင်းနှင့်ပါ ဆက်စပ်နားလည်ခဲ့ပါသည်။ ရှင်ပြန်ထမြောက်ခြင်းတွင် ခန္ဓာပါ ဝိဥာဏ ခန္ဓာ အဖြစ် ပြောင်းလဲသွားသည်အထိ နားလည်လက်ခံခဲ့ပါသည်။

၅.၃။ အလင်းခေတ်မှသည် ၂၀ ရာစု အတွင်း နားလည်သော ရှင်ပြန်ထမြောက်မှု

         ၁၈ရာစု ၁၉ ရာစုသည် ဥာဏ်အလင်းပွင့်သောရာစုဟု ဆိုနိုင်ပါသည်။ reason ဟုဆိုသော ယုတ္တိရှိမှု၊ ကြောင်းကျိုးဆက်စပ်နိုင်မှု၊ စဉ်းစားချင့်ချိန်နိုင်မှုသည် အရေးပါလာသော ကာလဖြစ်လာပါသည်။ ရှင်ပြန်ထမြောက်ခြင်းဟု ဆိုရာတွင်လည်း အဆိုပါ အမြင်ဖြင့်သာ ချဉ်းကပ်ခဲ့သည်ကို တွေ့နိုင်ပါသည်။ 
          ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ သီအိုရီများစွာ ပေါ်ထွက်လာခဲ့ပါသည်။ ထိုအထဲမှ အများလက်ခံသော သီအိုရီအနည်းငယ်ကို တင်ပြပါမည်။

၅.၃.၁။ Fraud Hypothesis

       Hermann Samuel Reimarus (1694-1768) ဟုခေါ်သော ဂျာမန်ပညာရှင်က အဆိုပါ အနုမာနအဆိုကို တင်ပြလာခဲ့ပါသည်။ ၎င်းက အီစတာပုံပြင်တွင် တွေ့ရသော ရှေ့နောက်မညီမှုများကို မေးခွန်းထုတ်ကာ မျက်မြင်သက်သေများ၏ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဖက်အခြေအနေများကို ထောက်ပြကာ တပည့်တော်တို့သည် ရှင်ပြန်ထမြောက်သည်ဟူသော ဇာတ်လမ်းကို ထွင်ခဲ့ကြသည်ဟု ဆိုပါသည်။ တပည့်တော်တို့သည် ခရစ်တော်ကို အစပိုင်းကတည်းက ဂျူးတို့၏ နိုင်ငံရေး ခေါင်းဆောင် အဖြစ် လက်ခံယုံကြည်ကာနောက်တော်လိုက်ခဲ့ကြခြင်းဖြစ်ပါသည်။ ရောမအစိုးရ၏ အသေသတ်ခြင်းကိုခံလိုက်ရသောအခါ တပည့်တော်တို့သည် ဝိဥာဏ်ရေး အဖြစ်အသက်သွင်းလိုက်ခြင်း ပုံဖော်လိုက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။

၅.၃.၂။ Apparent Death Hypothesis 
              အပြင်ပန်း သေဆုံးသည်ဟူသော နားလည်မှုသည် ၁၉ရာစုတွင် ကျယ်ပြန့်လာခဲ့သော အနုမာန အယူအဆဖြစ်ပါသည်။ ခရစ်တော်သည် တိုင်တော်တွင် မသေခဲ့ပေ။ ပြင်းထန်စွာ ဒဏ်ရာရလျက် ဂူထဲသို့ရောက်ခဲ့ပြီး  ထိုမှလွတ်မြောက်ခဲ့ပါသည်။ ထို့နောက်တွင် တပည့်တော်တို့သည် ခရစ်တော်ရှင်ပြန်ထမြောက်သည်ဟု ကြေညာခဲ့ပါသည်ဟူသော အနုမာန အယူအဆပင်ဖြစ်ပါသည်။

၅.၃.၃။ Subjective Vision Hypothesis
              D F Strauß (1808-1874) ဟုခေါ်သော ဂျာမန်ပညာရှင်မှ အစပြုခဲ့သော အနုမာန အယူအဆပင်ဖြစ်ပါသည်။ ၎င်းက ခရစ်တော်သည် အမှန်တကယ်သေဆုံးခဲ့ပါသည်။ သို့သော် အမှန်တကယ် ရှင်ပြန်ထမြောက်ခဲ့ခြင်းမရှိပေ။ ၁ကော မှ ရှင်ပေါလု ၏ အမြင်ကို ကြည့်ခြင်းအားဖြင့် တပည့်တော်တို့၏ ခရစ်တော်အပေါ် အမြင်များကို သုံးသပ်ကာ ဤအနုမာနကို တင်ပြခဲ့ခြင်းဖြစ်ပပါသည်။ တပည့်တော်တို့သည် ခရစ်တော်၏ အသေခံခြင်းကို တွေ့ပြီးသောအခါ အသက်ရှင်စဉ်ကပြောခဲ့သည်များကို သတိရလာပါသည်။ အဆိုပါ ရှင်ပြန်ထမြောက်မည်ဟူသော စကားကိုသတိရသောအခါမှ စိတ်တွင်စွဲသွားလျက် နောင်တွင် တကယ်ရှင်ပြန်ထမြောက်လာသည်ဟု မြင်လာကြခြင်းဖြစ်ပါသည်။

၅.၃.၄။ Objective Vision Hypothesis
            ၁၉၆၄ ရောက်သောအခါမှ Hans Grass ဟုခေါ်သော ဂျာမန်ပညာရှင်မှ ဤအယူအဆကို တင်ပြခဲ့ခြင်းဖြစ်ပါသည်။ သခင်ခရစ်တော် ရှင်ပြန်ထမြောက်ခဲ့ပါသည်။ သို့သော် လူသေ ခန္ဓာကြီး ရှင်ပြန်လာသည့် သဘော မဟုတ်ဘဲ ဝိဥာဏ်အားဖြင့် ရှင်ပြန်လာကာ လက်ရှိဘဝထဲတွင် စွမ်းအင်များပေးလျက်ရှိနေတုန်းပင် ဖြစ်ပါသည်။ 
 
        အချုပ်အားဖြင့်ဆိုသော် ၁၈-၁၉-၂၀ရာစုတွင် reasonကို အခြေခံကာ ရှင်ပြန်ထမြောက်ခြင်းကို ချဉ်းကပ်ခဲ့ပါသည်။ သီအိုရီများစွာ ထွက်ပေါ်လာကာ မည်သည့်အမြင်သည် ရာနှုန်းပြည့် အမှန်ဟု မဆိုနိုင်သော်လည်း ကမ္ဘာပေါ်တွင် သူ့နေရာနှင့်သူ၊ သူ့ဒေသနှင့်သူ အသုံးဝင် စွဲကိုင်လျက်ရှိနေတုန်းပင် ဖြစ်ပါသည်။

၆။ နိဂုံး

        ဤဆောင်းပါးရှည်သည် စာရှူသူတို့အား ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ဓမ္မဟောင်းကာလမှသည် ဥာဏ်အလင်းခေတ် အထိ နားလည်ကြပုံများကို တင်ပြလိုခြင်းဖြစ်ပါသည်။ စာရေးသူ၏ ကိုယ်ပိုင်ရပ်တည်ချက်၊ အမြင်များကို တင်ပြလိုခြင်း မဟုတ်ဘဲ သမိုင်းတွင် ဖြစ်ပျက်နားလည်ခဲ့သည်များကို အတိုချုပ် တင်ပြခြင်းသာဖြစ်ပါသည်။
        ဓမ္မဟောင်းခေတ်တွင် နားလည်သောရှင်ပြန်ထမြောက်ခြင်း၊ ရှင်ပေါလုနားလည်သော ရှင်ပြန်ထမြောက်ခြင်း၊ ခရစ်ဝင်ကျမ်းများမှ နားလည်သော ရှင်ပြန်ထမြောက်ခြင်း၊ ကနဦးအသင်းတော်မှနားလည်သောရှင်ပြန်ထမြောက်ခြင်း၊ အော်သိုဒေါစ့်အသင်းတော်မှ နားလည်သောရှင်ပြန်ထမြောက်ခြင်း နှင့် ဥာဏ်အလင်းခေတ်တွင် ထွက်ပေါ်လာသော သီအိုရီများကို နားလည်ပြီး မြန်မာ့ရေခံမြေခံ၊ သိပ္ပံရေခံမြေခံတွင် ပိုမိုဆီလျော်သော ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို လက်ခံနာယူကာ ခရစ်တော်၏ လူသားတို့အပေါ်ထားသော ကယ်တင်ခြင်းသိတင်းကို တိုး၍ဝေမျှရန်သာဖြစ်ပါတော့သည်။

Credit : OIKOS Theological Articles

Comments

Popular posts from this blog

၁ယော၁:၁-၉မှာပြောသလိုအပြစ်ကိုဝန်ချတောင်းပန်ရာမှာ အပြစ်ကိုခဏခဏပြန်ဝန်ချစရာလိုသလား

ခရစ်ယာန်တို့ မကျူးလွန်သင့်သော God-of-the-gaps fallacy********************************************************✅ FYI: ယခုဆောင်းပါးသည် ဆောင်းပါးရှည်ဖြစ်သည်။ λόγος website တွင် ဖတ်ရှုလေ့လာပါက ပို၍ သက်တောင့်သက်သာဖြစ်လိမ့်မည်ဟု အကြုံပြုလိုပါသည်။ 👇🙏🏼https://www.thylogos.org/2021/07/10/god-of-the-gaps-fallacy-you-shall-not-commit/~~ နိဒါန်း ~~God-of-the-gaps fallacy ဆိုသည်မှာ ယုတ္တိဗေဒဆိုင်ရာ ယုတ္တိအမှား တခုဖြစ်ပြီး သိပ္ပံဆိုင်ရာ ဒဿနိကပညာရပ် (The philosophy of Science)တွင် သုံးသော အသုံးအနှုန်းတခုဖြစ်ပေသည်။ မြန်မာဘာသာဖြင့် အနီးစပ်ဆုံး အတိုချုံးဘာသာပြန်ရလျှင် “မသိနားမလည်သေးသောအရာများအတွက် ဘုရားသခင် သို့မဟုတ် နတ်ဘုရားတပါးပါးအား အစားထိုးဖြည့်တင်းသော ယုတ္တိအမှား” ဟု ပြန်ဆိုရမည်ဟု ထင်ပါသည်။ God-of-the-gaps-fallacy နှင့်ပတ်သက်၍ ယခုထက် ပိုကောင်းမည်၊ ပိုသင့်တော်မည်ဟု ယူဆသော မြန်မာဘာသာပြန်ရှိပါကလည်း စာရေးသူအား အကြံပြုနိုင်ပါသည်။ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ တွေ့ကြုံ ပြောဆိုနေရတဲ့ ဖြစ်ရပ်များထဲ၌ မိမိဘာသာ မှန်သည်ဟု ထင်မှတ်နေတတ်သော်လည်း ယုတ္တိဗေဒအရ မှားယွင်းနေသည့် အချက်များ ပုံစံများစွာ ရှိနေတတ်ပါသည်။ God-of-the-gaps fallacy ကို ပိုမိုနားလည်ရန် ဤနေရာတွင် “ယုတ္တိဗေဒ” ဆိုသည်မှာ အဘယ်နည်း၊ “ယုတ္တိအမှား” ဆိုသည်မှာ အဘယ်နည်း။ ဤအဓိပ္ပါယ် ၂ ခုကို ဦးစွာနားလည်ထားရန် လိုအပ်ပေလိမ့်မည်။~~ ယုတ်တိဗဒေ ~~ယုတ္တိဗေဒ (Logic) ဆိုသည်မှာ ကျိုးကြောင်းဆင်ခြင်မှုဆိုင်ရာ သိပ္ပံပညာပင်ဖြစ်သည်။ ယုတ္တိဗေဒဖြင့် လူတို့သည် အမှန်အမှားကို ခွဲခြားနိုင်ပေသည်။ အတွေးအခေါ်ပညာရှင် အရစ္စတိုတယ် (Aristotle) ၏ ယုတ္တိဗေဒ ဆိုင်ရာ ဥပမာ တစ်ခုမှာ အောက်ပါ အတိုင်းဖြစ်သည်။၁။ လူတိုင်းသည် သေမျိုးဖြစ်သည်။၂။ အရစ္စတိုတယ်သည် လူဖြစ်သည်။၃။ ထို့ကြောင့် အရစ္စတိုတယ်သည် တစ်နေ့တွင် သေရလိမ့်မည်။��နံပါတ် ၁ နှင့် ၂ နှစ်ခုစလုံးမှန်ကန်မှသာ နံပါတ် ၃ (အမှန်တရား/မှန်ကန်သော နိဂုံး) ကို ရပေမည်။ ထိုနည်းဖြင့် ယုတ္တိဗေဒတွင် အမှားအမှန် ခွဲခြားနိုင်ပေသည်။~~ ယုတ္တိအမှား ~~ယုတ္တိအမှား (Fallacy) ဆိုသည်မှာ ယုတ္တိဗေဒတွင် သို့မဟုတ် လူအများ ဆွေးနွေးငြင်းခုံရာတွင်လည်းကောင်း၊ ပညာရှင်ဆန်ဆန် ကျိုးကြောင်းဆီလျော်စွာ ဆင်ခြင်သုံးသပ်ရာတွင်လည်းကောင်း အမှားများ၊ အလွဲများဖြစ်ပေါ်ခြင်းကို ဆိုလိုသည်။ အခြားသူများ၏ အငြင်းအခုံတွင် ယုတ္တိအမှားများကို ရှာဖွေခြင်း သို့မဟုတ် မိမိ၏ အငြင်းအခုံတွင် ယုတ္တိအမှားများ ကို ရှောင်ရှားခြင်းသည် အကျိုးသင့်အကြောင်းသင့် ငြင်းခုံဆွေးနွေးလိုသည့် လူ့အဖွဲ့အစည်း အတွက် အလွန်အရေးပါလှသည်။ ယုတ္တိအမှားများကို ကျူးလွန်ပါက ဆွေးနွေးငြင်းခုန်ရာတွင် အမှန်တရားနှင့် ဝေးကွာပြီး ကျိုးကြောင်းဆီလျော်မှု ကင်းသွားမည်ဖြစ်သည်။ ယုတ္တိအမှား အမျိုးအစားများစွာရှိသည့်အနက် God-of-the-gaps Fallacy သည် ခရစ်ယာန်တယောက်အနေဖြင့် အခြားသူများနှင့် ဘုရားသခင်တည်ရှိကြောင်း ကျိုးကြောင်းဆီလျော်စွာ ပညာရှင်ဆန်ဆန် ဆွေးနွေးငြင်းခုန်ရာတွင် အထူးရှောင်ရှားအပ်သော၊ မကျူးလွန်သင့်သော ယုတ္တိအမှားများထဲမှ တခုဖြစ်ပေသည်။God-of-the-gaps ယုတ္တိအမှား၏ အဆို (Premise) မှာ အောက်ပါအတိုင်းဖြစ်ပါသည်။၁။ “X” ဟူသော သဘာဝဖြစ်စဉ်သည် ထူးဆန်းပြီး နက်နဲဆန်းကြယ်သည်ဟု ထင်ရသည်။၂။ ထာဝရဘုရားသခင်သည် အရာရာကို ထူးခြားဆန်းပြားစွာ ဖန်ဆင်းနိုင်သောအရှင်ဖြစ်သည်။၃။ ထို့ကြောင့် “X” ဟူသော သဘာဝဖြစ်စဉ်ကို ဘုရားသခင်က တိုက်ရိုက်ဖြစ်ပေါ်စေသည်။ဟု ဆင်ခြေပေးသည့် ယုတ္တိအမှားဖြစ်ပေသည်။~~ သိပ္ပံနည်းကျ မရှင်းပြနိုင်သေးသောအရာများအတွက် ဘုရားသခင် သို့မဟုတ် နတ်ဘုရားတပါးပါးအား အစားထိုးဖြည့်တင်းသော ယုတ္တိအမှား ~~သိပ္ပံပညာရပ်ဝန်းတွင် ယနေ့အချိန်ထိ သိပ္ပံနည်းကျ မရှင်းပြနိုင်သေးသောအရာများ၊ အဖြေ မပေးနိုင်သေးသော မေးခွန်းများ၊ နက်နဲဆန်းကြယ်သောအရာများအတွက် ကျွန်ုပ်တို့နားလည်လက်ခံထားသောအရာများထဲတွင် ကွာဟချက်များရှိနေခြင်း (gaps in our understanding) စသဖြင့် ကျွန်ုပ်တို့ မသိနားမလည်သေးသောအရာများစွာရှိပါသည်။ သိပ္ပံပညာရှင်များကတော့ ထိုကဲ့သို့ နက်နဲဆန်းကြယ်သောအရာများ (Mysteries) ကို ရှေ့ဆက်သုတေသနပြုလေ့လာရမည့်အရာများ၊ မေးခွန်းများအဖြစ်သာ ရှုမြင်ထားကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့အတွက် နက်နဲဆန်းကြယ်သောအရာများသည် မနက်ဖြန် သို့မဟုတ် နောင်တချိန်အတွက် ထမင်းစား၊ ရေသောက်သာသာအရာများဖြစ်သွားတတ်သည့် မရေမတွက်နိုင်သော သာဓကများစွာရှိခြင်းကြောင့် ဖြစ်ပါသည်။ ဥပမာ .. လူသားတို့သည် လေယာဉ်ပျံကို မတီထွင်နိုင်ခင်အချိန်က၊ ဝေဟင်တွင် ပျံသန်းနိုင်သည့် နည်းပညာကို ရှာမတွေ့ခင်က ငှက်များကဲ့သို့ ကောင်းကင်တွင်ပျံဝဲရသည့်အရာသည် လူသားတို့အတွက် နက်နဲသော ဆန်းကြယ်သောအရာဖြစ်ခဲ့ဖူးသော်လည်း ကောင်းကင်ယံတွင်ပျံဝဲခြင်းသည် ယနေ့အချိန်တွင် အထူးအဆန်းတခု မဟုတ်တော့ပေ။ ထိုကဲ့သို့ ပျံဝဲရုံမျှမက မိုင်ပေါင်းများစွာကို နာရီပေါင်းများစွာ မရပ်မနား ခရီးဆက်ပျံသန်းနိုင်နေပြီပဲ ဖြစ်ပါသည်။ ထို့အပြင် ငှက်များပင် မပျံသန်းနိုင်သည့် ကမ္ဘာ့အပြင်ဘက် အာကာသဟင်းလင်းပြင်ထဲသို့ပင် လူသားတို့ ပျံသန်းသွားလာနိုင်နေပြီ ဖြစ်ပါသည်။ ထိုမျှမက ညအိပ်ယာဝင်ပုံပြင်ဖြစ်ခဲ့ဖူးသော ဖိုးလမင်းကြီး (The Moon) ဆီကိုလည်း လူသားတို့ ခြေချခဲ့ဖူးပြီးဖြစ်ပါသည်။ လာမည့် ၂၀၃၀ မတိုင်ခင်နှင့် နောက်ပိုင်းနှစ်များတွင်လည်း အင်္ဂါဂြိုလ်ပေါ်(Mars) သို့ ပထဆုံးလူသားများ စေလွှတ်ဖို့ရန် အမေရိကန်အစိုးရ၏ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန NASA နှင့် စွန့်ဦးတီထွင်သူလုပ်ငန်းရှင် အီလွန်မာ့စ်ခ် ရဲ့ SpaceX ကုမ္ပဏီများကလည်း အပြိုင်အဆိုင်ကြိုးစားနေကြပါသည်။မြန်မာပြည်တွင် ခရစ်ယာန်အများစု အမြဲလိုလို ဆင်ခြင်ပေးတတ်သည့်အရာတခုရှိပါသည်။ တစုံတခု သို့မဟုတ် သက်ရှိတကောင်ကောင်က မည်သို့မည်ပုံ ဖြစ်တည်လာသည်ကို သိပ္ပံနည်းကျမရှင်းပြနိုင်သေးသည့်အခါ “ဟော … တွေ့လား၊ သိပ္ပံပညာကတောင် အဖြေမပေးနိုင်ဘူး။ ဒါကြောင့် ဒီအရာရဲ့အဖြေက ဘုရားသခင်ပဲ။ ဒီလိုဖြစ်လာအောင် ဘုရားက တန်ခိုးတော်နဲ့ တိုက်ရိုက် ဖန်ဆင်းလိုက်တာ၊ ဒါကြောင့် ဘုရားသခင်ဆိုတာ တကယ်ရှိတယ်” စသဖြင့် ကိုယ်တိုင် မသိနားမလည်သေးတဲ့အရာအတွက် ဘုရားသခင်ကို အစားထိုးဖြည့်တင်းလိုက်ကြပါတော့သည်။ God-of-the-gaps-fallacy ဆိုသည်မှာလည်း သိပ္ပံပညာနဲ့ သိပ္ပံနည်းကျမရှင်းပြနိုင်သေးတဲ့အရာကို သို့မဟုတ် လက်ရှိအချိန်တွင် မသိနားမလည်သေးသော အသိပညာကွာဟချက်(gaps) ကို အခွင့်ကောင်းယူပြီး ထာဝရဘုရားသခင် တည်ရှိခြင်းရဲ့ သက်သေ(Proof for God’s Existence) အဖြစ် အလွဲသုံးလိုက်ခြင်း၊ မမှန်မကန်ဖြည့်တင်းလိုက်ခြင်းပဲဖြစ်ပါသည်။ သဘာဝတရားအတိုင်းဖြစ်တည်နေသော သဘာဝလမ်းစဉ်နေရာမှာ ဘုရားသခင် သို့မဟုတ် နတ်ဘုရားတပါးပါးကို အစားထိုးလိုက်ခြင်းပဲဖြစ်ပါသည်။ ဘုရားတန်ခိုးတော်ဖြင့် တိုက်ရိုက်ထိန်းချုပ်ထားသည် သို့မဟုတ် တိုက်ရိုက် ဖန်ဆင်းလိုက်သည်ဟု ဆင်ခြင်ပေးသော ယုတ္တိအမှားဖြစ်ပါသည်။ထိုကဲ့သို့ ယုတ္တိအမှားကို ကျူးလွန်ခြင်းသည် အခြားသူများကို သာသနာပြုသည့်အခါတွင်လည်းကောင်း၊ အထူးသဖြင့် ပညာတတ်လူတန်းစားအသိုင်းအဝိုင်းအတွင်း ဧဝံဂေလိဟောသည့်အခါတွင်လည်းကောင်း၊ မယုံကြည်သူ ခေတ်ပညာတတ်ပုဂ္ဂိုလ်တဦးဦးနှင့် ဘုရားသခင်တည်ရှိခြင်း၊ မတည်ရှိခြင်းအကြောင်းအရာများကို ကျိုးကြောင်းညီညွတ်စွာ ဆွေးနွေးငြင်းခုန်ရာတွင်လည်းကောင်း အန္တရာယ်များသောအတားအဆီးတခု သို့မဟုတ် ရှက်ဖွယ်သောအရာတခုကဲ့သို့ ဖြစ်ပေသည်။ အထက်က ပြောခဲ့ပြီးသည့်အတိုင်း ထိုကဲ့သို့ ယုတ္တိအမှားများ ကို ရှောင်ရှားခြင်းသည် အကျိုးသင့်အကြောင်းသင့် ငြင်းခုံဆွေးနွေးလိုသည့် လူ့အဖွဲ့အစည်း အတွက် အလွန်အရေးပါလှပြီး ယုတ္တိအမှားများကို မမြင်မိပါက ငြင်းခုံဆွေးနွေးရာတွင် အမှန်တရားနှင့် ဝေးကွာပြီး ကျိုးကြောင်းဆီလျော်မှု ကင်းသွားမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။ အထူးသတိပြုရမည်မှာ သိပ္ပံပညာနှင့် သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းစဉ်များသည် နေ့စဉ်နှင့်အမျှ တိုးတက်ထွန်းကားနေပါသည်။ ကျွန်တော်တို့ အသုံးပြုသော စမတ်ဖုန်းနည်းပညာများ ပိုမိုထွန်းကားလာခြင်း၊ လက်ရှိကိုဗစ်ကပ်ရောဂါကာလ ၁ နှစ်အတွင်း ကိုဗစ်ကာကွယ်ဆေးမျိုးစုံ လျင်မြန်စွာပေါ်ထွက်လာခြင်းသည် ထိုကဲ့သို့ သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်နေခြင်း၏ ထင်သာမြင်သာသော ပြယုဂ်များဖြစ်ပေသည်။ ဆိုကြပါစို့ … ကျွန်ုပ်တို့ နားမလည်သေးသော သဘာဝလမ်းစဉ် (Natural Mechanism) နေရာတွင် ဘုရားသခင်အား အစားထိုး ဆင်ခြင်ပေးခဲ့ပါက သို့မဟုတ် God-of-the-gaps ယုတ္တိအမှားအား ဘုရားသခင်တည်ရှိခြင်း၏ သက်သေအဖြစ် အကြောင်းပြချက်ပေးခဲ့ပါက နောင်တချိန်တွင် သိပ္ပံပညာအားဖြင့် ရှာဖွေသိရှိနားလည်လာပြီး သိပ္ပံနည်းကျ ချက်ကျလက်ကျရှင်းပြလာနိုင်ပါက ဘုရားသခင် ဘာဖြစ်သွားမည်နည်း။ ဟုတ်ပါသည် … ဘုရားသခင်ကတော့ ဘာမှမဖြစ်သွားပါ .. သို့သော် ကျွန်ုပ်တို့ အသုံးပြုခဲ့သောယုတ္တိအမှားသည် ပညာမဲ့သောဆင်ခြေ၊ ရှက်ဖွယ်သော invalid ဆင်ခြေဖြစ်သွားပြီး မယုံကြည်သူတို့အတွက် သူတို့ဘဝတွင် ဘုရားသခင်၏အခန်းကဏ္ဍသည် ပိုမိုမှေးမှိန်သွားပေလိမ့်မည်။ယုံကြည်သူတယောက်အနေနှင့်သော်လည်းကောင်း၊ အကြောင်းအရာတစုံတခုကို ကျိုးသင့်ကြောင်းသင့်ဆင်ခြင်တတ်သူ အနေနှင့်သော်လည်းကောင်း “သိပ္ပံနည်းကျ မရှင်းပြနိုင်သေးသောအရာများအတွက် ဘုရားသခင်အား အစားထိုးဖြည့်တင်းသော ယုတ္တိအမှား” ကို မကျူးလွန်မိစေရန် အထူးသတိပြုရှောင်ကြည်သင့်ပေသည်။အချို့ကလည်း ဆင်ခြေအပေါ် ဆင်ခြေထပ်၍ ပေးတတ်ပါသေးသည်။ သိပ္ပံနည်းကျ မရှင်းပြနိုင်သေးသောအရာများအတွက် ဘုရားသခင်အား အစားထိုးဖြည့်တင်းခြင်းသည် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းရာ သို့ မဟုတ် ဘုရားအား ဂုဏ်တင်ချီးမြှောက်ရာ မရောက်ပေဘူးလားဟူ၍ဖြစ်သည်။ အထက်ကလည်း “ယုတ္တိအမှား” ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းရှင်းပြခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ ယုတ္တိအမှား ကျူးလွန်ခြင်းသည် ဘုရားသခင်အား ဂုဏ်တင်ရာမရောက်ဘဲ ဘုရားသခင်အား လူဘုံအလယ်တွင် အရှက်ခွဲနေသည်နှင့်ပင် တူနေပါသည်။ ထိုကဲ့သို့ မမှန်မကန်သက်သေခံခြင်းသည် ဘုရားသခင်အလိုတော်ရှိသောအရာ မဟုတ်ပေ။ ထိုသို့ဆိုသော် အရာအားလုံးသည်လည်း သဘာဝလမ်းစဉ်အတိုင်း သူ့ဘာသူ အလိုလို အမြဲတမ်းဖြစ်တည်လာသည်ဟူ၍လည်း မဟုတ်ချေ။ ကျွန်ုပ်တို့က စူးစမ်းသိလိုစိတ်(curiosity) နဲ့သာ လေ့လာနေသော်လည်း တခါတရံ ဘုရားသခင်ရဲ့ တန်ခိုးတော်နှင့် တိုက်ရိုက်ဖန်ဆင်းထားသည့် သို့မဟုတ် ထိန်းချုပ်ထားသည့်အရာများစွာလည်း ရှိနိုင်ပါသည်။ ထင်သာမြင်သာသော ဥပမာမှာ စကြဝဠာ၏မူလအခြေအနေ (The Origin of The Universe) ဖြစ်ပါသည်။ ယခုလက်ရှိသိပ္ပံပညာရှင်အများ လက်ခံထားကြတဲ့ မဟာပေါက်ကွဲမှု သီအိုရီ (Big Bang Theory) သာအမှန်ဖြစ်မည်ဆိုပါက အချိန်-ဟင်းလင်းပြင်(Space-Time) စင်္ကြာဝဠာကြီးတစ်ခုလုံးဟာ အလွန်ပူပြင်းပြီး၊ အင်မတန် သိပ်သည်းသော အထူးမှတ်(Singularity)မှ မဟာပေါက်ကွဲမှုအားဖြင့် မွေးဖွားလာခဲ့ပါသည်။ မဟာပေါက်ကွဲမှု၏ အစောဆုံးကာလတွင် သိပ်သည်းသောစွမ်းအင်၊ အင်မတန်ပူပြင်းသော အပူချိန်ရှိကာ လျင်မြန်စွာ ဆက်တိုက်အေးမြလာခဲ့သည်။ ၁၀−၃၇(10 to the power minus 37) စက္ကန့်ခန့်တွင် ဖောင်းပွမှု စတင်ခဲ့သည်။ နှိုင်းရသီအိုရီဖြင့် အသုံးပြုကာ အချိန်ကိုနောက်ပြန်သွားပါက အင်မတန်သိပ်သည်းကာ ပူပြင်းသော စင်္ကြာဝဠာအားတွေ့ရှိရပေမည်။ ထိုအထူးမှတ်ကိုပင် မဟာပေါက်ကွဲမှုဟု ခေါ်ဝေါ်ကြသည်။ ယင်းအား စင်္ကြာဝဠာ၏ မွေးဖွားမှုဟုပင် သတ်မှတ်နိုင်ပါသည်။ အထူးမှတ် သည် နှိုင်းရသီအိုရီအား ချိုးဖောက်ကာ ရူပဗေဒနိယာမအားလုံးကိုလည်း ချိုးပစ်လိုက်သည်။ ထိုကြောင့် ထိုအထူးမှတ်(Singularity) အရောက်မှာ ကျွန်တော်တို့လက်ရှိနားလည်ထားသည့် ရူပဗေဒနိယာမများဟာ ပြိုလဲကုန်ပါသည်။ အလုပ်မဖြစ်တော့ပါ။ ထို့ကြောင့် အထူးမှတ်အတွင်းကအခြေအနေများနဲ့ ထိုမတိုင်ခင်ကအဖြစ်အပျက်များကို သိရှိနားလည်နိုင်ခြင်းငှါ ကျွန်တော်တို့ မစွမ်းဆောင်နိုင်သေးပါ။ Spacetime ကို အချို့က မြန်မာလို အာကာသအချိန် သို့မဟုတ် အချိန်နေရာ သို့မဟုတ် အချိန်ဟင်းလင်းပြင် စသဖြင့်အမျိုးမျိုး ခေါ်ကြပါသည်။ အာကာသလဟာပြင်ကိုယ်၌က ပြန့်ကားနိုင်ခြင်း၊ ကျုံ့နိုင်ခြင်း၊ ကွေးညွတ်နိုင်ခြင်း ဂုဏ်သတ္တိတွေရှိပါသည်။ ထို့ကြောင့် ကျွန်တော်တို့ စင်္ကြာဝဠာကြီးကို မွေးဖွားပေးသည့် မဟာပေါက်ကွဲမှုဖြစ်စဉ်ကြီးသည် နဂိုကတည်းကကြိုရှိနှင့်နေပြီးသော အာကာသဟင်းလင်းပြင်(Preexisting Space)ထဲမှာ ဖြစ်ပေါ်ခဲ့တာမဟုတ်ဘဲ မဟာပေါက်ကွဲမှုအားဖြင့် အာကာသဆိုတာ ဖြစ်တည်လာခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် မဟာပေါက်ကွဲမှုဖြစ်စဉ်အားဖြင့် ကျွန်ုပ်တို့လက်ရှိသိရှိနားလည်ထားပြီးသည့်အရာအပေါ် အခြေခံသုံးသပ်ပါက မဟာပေါက်ကွဲမှုမတိုင်ခင်တွင် အာကာသ (Space)၊ အချိန် (Time) နှင့် ဒြပ် (matter) အားလုံး မရှိခဲ့ပါ။ အချိန် (Time) ဆိုသည့်အရာပင် ထိုပေါက်ကွဲမှုနှင့်အတူ မွေးဖွားလာခြင်းဖြစ်သည့်အတွက် သဘာဝတရားပင်လျှင် Big Bang ဖြစ်ပြီးမှ ဖြစ်ပေါ်လာခြင်းဖြစ်သည့်အတွက် အရာအားလုံးကို သဘာဝလမ်းစဉ်ဖြင့်သာ ဖော်ပြနိုင်မည် မဟုတ်ဟု ယူဆပါသည်။ Multiverse Theory သည် အခြားတကဏ္ဍဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ မသိနိုင်ပါ။ ထို့ကြောင့် မိမိမသိနားမလည်သောအရာအတွက် အရိုးသားဆုံးနှင့် အနှိမ့်ချဆုံးအဖြေမှာ “ကျွန်တော်/ကျွန်မ မသိပါ” ဟူ၍သာဖြစ်ပါသည်။ မသိသည့်အရာကို “မသိပါ၊ မသိသေးပါ” ဟူ၍ ဝန်ခံရခြင်းသည် ရှက်စရာမဟုတ်ပါ။ မိမိ မသိနားမလည်သည့်အရာကို သိချင်ယောင်ဆောင်၊ တတ်ချင်ယောင်ဆောင်ခြင်းကသာ ရှက်စရာဖြစ်ပါသည်။ ကျွန်တော်တို့သည် ကျမ်းစာအုပ်ကြီး ကိုင်ပြီး၊ ကျမ်းစာပဲဖတ်ပြီး “ကျွန်တော်တို့သာလျှင် အကုန်သိ၊ အကုန်တတ်” ပုံစံဖမ်းတတ်ပြီး မောက်မာတတ်ကြပါသည်။ ထိုအရာကို အထူးသတိပြုသင့်ပါသည်။ သူများထိမိ၍ လဲစရာမဖြစ်စေဘဲ ထိမိ၍တည်ဆောက်စရာ သာ၍ဖြစ်ကောင်းပါ၏။~~ God-of-the-gaps-fallacy နှင့် သမိုင်းထဲမှ သင်ခန်းစာများ ~~ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုလျှင် လျှပ်စီးလက်၊ မိုးချိန်းပြီး မိုးအော်သံများပါလာပြီဆိုလျှင် မိဘများက ကလေးများကို “ဒေဝေါကြီး .. လာပြီ။ ဒေဝေါကြီး .. လာပြီ။ အိမ်ထဲမြန်မြန်ဝင်ကြ” ဟူ၍ ခြောက်လှန့်ပြောဆိုလေ့ရှိသည်။ ငယ်ငယ်ကတော့ ဘာရယ်မဟုတ်၊ ကျွန်ုပ်တို့ ကြောက်ပြီး အိမ်ထဲပြေးဝင်ကြသည် မဟုတ်ပါလား။ သိပ်မကြာပါ​ .. မိုးများ၊ လေများထန်လာပါလေရော။ ထိုသို့အားဖြင့် ကလေးများ၏စိတ်ထဲတွင် “ဒေဝေါ” ဟူသည့်အရာကို ပုဂ္ဂိုလ်တပါးပါး ဖြစ်မည်ဟု ထင်မှတ်လာပြီး သူလာလျှင် အိမ်ထဲပြေးဝင်ကြရမည်ကို အလိုလိုနားလည်သွားသည်။ အမှန်မှာ မိဘများက ကလေးများ မိုးမိကာ အအေးပတ်ပြီး နေမကောင်းဖျားနာဖြစ်မည်ကို စိုးရိမ်သောကြောင့် ထိုသို့ ခြောက်လန့်ခြင်းသာဖြစ်သည်။ သို့ရာတွင် ကလေးများအတွက်တော့ “ဒေဝေါကြီး” သည် God-of-the-gaps ဖြစ်ခဲ့ပါသည်။ မိုးရွာ၊ လေထန်ခြင်းသည် ဒေဝေါကြောင့်ဖြစ်မည်၊ ဒေဝေါလာသောကြောင့် စသဖြင့်ပေါ့။ အဘယ့်ကြောင့် မိုးရွာ၊ လေထန်သည်ကို မသိနားမလည်သေးသော ကလေးများအတွက်တော့ “ဒေဝေါကြီး” သည် အစားထိုးဖြည့်တင်းခံရသောအရာဖြစ်ခဲ့လေသည်။ ထိုသို့အရွယ်ရောက်လာသည်နှင့် ကျောင်းနေကြရသောအခါ ကျောင်းသင်ခန်းစာပါသိပ္ပံဘာသာရပ်တွင် ရာသီဥတုဖြစ်ပေါ်လာပုံနှင့် အဘယ့်ကြောင့် မိုးရွာသွန်းရသည်ကို သိနားလည်လာသည့်အခါ “ဒေဝေါကြီး” သည် မိုးလေသည်းထန်ရခြင်း၏ အကြောင်းရင်း မဟုတ်ဘဲ သဘာဝဖြစ်စဉ် (Natural Phenomena) ကြောင့်သာ မိုးရွာသွန်းရခြင်းဖြစ်ကြောင်းကို သိနားလည်သွားတော့သည်။ကလေးများသာ မဟုတ်၊ အရွယ်ရောက်ပြီး လူကြီးများသည်လည်း သဘာဝသတ္တလောကြီးနှင့်ပတ်သက်၍ ထာဝရဘုရားသခင် သို့မဟုတ် နတ်ဘုရား သို့မဟုတ် အတိတ်ဘဝကံ စသည်တို့ကို အစားထိုးဖြည့်တင်းပြီး မိမိတို့ မသိနားမလည်ခြင်းများအတွက် လူ့သမိုင်းတွင် ဆင်ခြေများစွာပေးခဲ့ကြလေသည်။ ဥပမာ မိုးရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းသည် ဘုရားသခင်က ကိုယ်တော်၏ တန်ခိုးတော်ဖြင့် တိုက်ရိုက်ဖန်ဆင်းထိန်းချုပ်ထားခြင်းကြောင့်ဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။ အခြားသော သာဓကမှာ ဂရိနှင့် ရောမတို့၏ ဒဏ္ဍာရီလာ နတ်ဘုရားများ ဖြစ်သည်။ လူ့သမိုင်းတွင် အီဂျစ်၊ ဂရိနှင့် ရောမတို့၏ စာပေယဉ်ကျေးမှုများ၊ နတ်ဘုရားကိုးကွယ်ယုံကြည်မှုများနှင့် ဒဏ္ဍာရီပုံပြင်များတို့သည် အလွန်လူကြိုက်များထင်ရှားခဲ့ဖူးပါသည်။ ထိုအထဲမှ လူသိများသောအရာမှာ ဂရိနတ်ဘုရား ဇူးစ် (Zeus) နှင့် ရောမနတ်ဘုရား ဂျူပီတာ (Jupiter) တို့ဖြစ်သည်။ ရှေးလူကြီးများသည် မိုးရွာသွန်းခြင်း၊ လေမုန်တိုင်းတိုက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့သည် Zeus နတ်ဘုရား အမျက်တော်ထွက်ခြင်းကြောင့် ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ရောမတို့သည်လည်း ထိုနည်း၎င်းပင်။ အကြောင်းမှာ သူတို့၏ ယုံကြည်မှုတွင် ဂရိအခေါ် Zeus နှင့် ရောမအခေါ် Jupiter တို့သည် ကောင်းကင်နှင့် မိုးကြိုးလျှပ်စီးတို့၏ နတ်ဘုရား ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် Zeus နှင့် Jupiter နတ်ဘုရားတို့သည် ရှေးလူကြီးတို့အတွက် gods-of-the-gaps (သဘာဝတရားနှင့် ပတ်သက်၍ မိမိတို့ မသိနားမလည်ခြင်းများအတွက် အစားထိုးဖြည့်တင်းထားသော နတ်ဘုရားများ) ဖြစ်ခဲ့လေသည်။ မိုးရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းသည် အဘယ့်ကြောင့်ဖြစ်ရသည်ကို ထိုခေတ်အခါက ရှေးလူကြီးများ မသိနားမလည်ခဲ့သောကြောင့် ထိုသို့ ဖြစ်ရခြင်းသည် နတ်ဘုရားများ အမျက်တော်ထွက်ခြင်းကြောင့်ဖြစ်သည်ဟု အကြောင်းပြချက်ပေးခြင်းသည် gods-of-the-gaps fallacy ယုတ္တိအမှားကို ကျူးလွန်ခြင်းဖြစ်ပါသည်။ခရစ်ယာန်တို့၏ သမ္မာကျမ်းစာတော်မြတ်တွင်လည်း ထာဝရဘုရားသခင်သည် ဥတုရာသီစက်ကွင်းများကို တန်ခိုးတော်နှင့် တိုက်ရိုက်ထိန်းချုပ်ထားကြောင်းရှင်းရှင်းလင်းလင်းဖော်ပြထားပေသည်။ ကျမ်းချက်အများအပြားတွင်လည်း မိုးရွာသွန်းခြင်းနှင့် မိုးခေါင်ခြင်း၏ အဓိကအကြောင်းတရားသည် ဘုရားသခင်သာဖြစ်သည်ဟု ဖော်ပြထားပြန်ပါသည်။ ထိုကျမ်းချက်များမှာ …��“သင် တို့ သည် စ ပါး၊ စ ပျစ် ရည်၊ ဆီ တို့ ကို စု သိမ်း စေ ခြင်း ငှာ အ ရင် မိုး၊ နောက် မိုး တည်း ဟူ သော သင် တို့ ပြည် နှင့် ဆိုင် သော မိုး ရေ ကို ငါ ပေး မည်။ သင် တို့ သည် ဝ စွာ စား ရ မည် အ ကြောင်း၊ သင် တို့ တိ ရ စ္ဆာန် များ အ ဖို့ လွင် ပြင်၌ မြက် ပင် ကို ငါ ပေါက် စေ မည်။ သင် တို့ သည် မိ စ္ဆာ ဒိ ဌိ အ ယူ ကို စွဲ၍ လမ်း မ လွဲ၊ အ ခြား တစ် ပါး သော ဘု ရား တို့ ကို ဝတ် ပြု၊ ကိုး ကွယ် ခြင်း နှင့် ကင်း လွတ် မည် အ ကြောင်း၊ ကိုယ် ကို ကိုယ် သ တိ ပြု ကြ လော့။ သို့ မ ဟုတ် ထာ ဝ ရ ဘု ရား သည် အ မျက် တော် ထွက်၍ မိုး မ ရွာ၊ မြေ၏ အ သီး အ နှံ ကို မ ဖြစ် စေ ခြင်း ငှာ၊ မိုး ကောင်း ကင် ကို ပိတ် တော် မူ မည်။ ထာ ဝ ရ ဘု ရား ပေး တော် မူ သော ကောင်း မွန် သော ပြည်၌ သင် တို့ သည် အ လျင် အ မြန် ပျောက် ပျက် ကြ လိမ့် မည်။”တ ရား ဟော ရာ ကျမ်း။ ၁၁ : ၁၄ – ၁၇ဘု ရား သ ခင် သည် ကြီး သော အ မှု၊ စစ်၍ မ ကုန် နိုင် သော အ မှု၊ ရေ တွက်၍ မ ဆုံး၊ အံ့ ဩ ဖွယ် သော အ မှု တို့ ကို ပြု တော် မူ၏။ မြေ ပေါ် မှာ မိုး ရွာ စေ သ ဖြင့် လယ် တို့၌ ရေ ကို ပေး တော် မူ၏။”ယော ဘ ဝ တ္တု။ ၅ : ၉ – ၁၀“မိုး ကောင်း ကင် အောက်၌ အ နှံ့ အ ပြား လွှတ်၍၊ မြေ ကြီး စွန်း တိုင် အောင် လျှပ် စစ် ပြက် စေ တော် မူ၏။ လျှပ် စစ် ပြက် ပြီး မှ အ သံ တော် ထွက်၏။ ဘုန်း အာ နု ဘော် တော် အ သံ နှင့် မိုး ချုန်း တော် မူ၏။ အ သံ တော် မြည် သော အ ခါ မိုး သက် မုန် တိုင်း ကို ချုပ် တည်း တော် မ မူ။ အံ့ ဩ ဖွယ် သော အ ခြင်း အ ရာ ပါ လျက်၊ ဘု ရား သ ခင် သည် အ သံ တော် နှင့် မိုး ချုန်း တော် မူ၏။ ကြီး သော အ မှု ငါ တို့ နား မ လည် နိုင် သော အ မှု တို့ ကို ပြု တော် မူ၏။ မြေ ပေါ် မှာ ဖြစ် စေ ဟု မိုး ပွင့် ကို လည်း ကောင်း၊ သုန် ဖျင်း သော မိုး ရေ နှင့် တန် ခိုး တော် ကြောင့် ပြင်း ထန် သော မိုး ရေ ကို လည်း ကောင်း မိန့် တော် မူ၏။”ယော ဘ ဝ တ္တု။ ၃၇ : ၃ – ၆“သာ သ နာ ပ လူ တို့ ကိုး ကွယ် သော ရုပ် တု ဆင်း တု တို့ တွင်၊ မိုး ရွာ စေ နိုင် သော သူ ရှိ ပါ သ လော။ မိုး သည် အ လို လို ရွာ နိုင် ပါ သ လော။ အ ကျွန်ုပ် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သာ လျှင် တတ် နိုင် တော် မူ သည် မ ဟုတ် လော။ သို့ ဖြစ်၍၊ ကိုယ် တော် ကို မျှော် လင့် လျက် နေ ပါ မည်။ ကိုယ် တော် သည် အ လုံး စုံ တို့ ကို ဖန် ဆင်း သော ဘု ရား ဖြစ် တော် မူ၏။”ယေ ရ မိ အ နာ ဂ တ္တိ ကျမ်း။ ၁၄ : ၂၂“မြေ ကြီး စွန်း မှ မိုး တိမ် တို့ ကို တက် စေ တော် မူ၏။ မိုး နှင့် တ ကွ လျှပ် စစ် ကို ဖန် ဆင်း တော် မူ၏။ ဘ ဏ္ဍာ တော် တိုက် ထဲ က လေ ကို ထုတ် တော် မူ၏။”ဆာ လံ ကျမ်း။ ၁၃၅ : ၇အခြားသော ကျမ်းချက်များလည်း ရှိပါသေးသည်။ ယခုဆောင်းပါးအတွက် ဤမျှလောက် ဖော်ပြလျှင် လုံလောက်မည်ဟု ထင်ပါသည်။ ဒီကျမ်းစာများကို ဖတ်သည့်အခါ ၂၀ ရာစုက လူတဦး သို့မဟုတ် ၂၁ ရာစုက လူတဦးကဲ့သို့ မယူဆထားဘဲ မိမိကိုယ်ကို လေယာဉ်များ၊ ဂြိုလ်တုများလည်း မရှိသေး၊ ခေတ်သစ်သိပ္ပံနည်းပညာလည်း မထွန်းကားသေးသည့် အချိန်ကာလတခုတွင် အသက်ရှင်ခဲ့ဖူးသည့် ထိုခေတ်အခါက လူတဦးကဲ့သို့ ခဏလောက်ရှုမြင်ပြီး ဖတ်ကြည့်ပါ။ ဤကျမ်းချက်များ ဖတ်ပြီးသည့်နောက် အဘယ့်ကြောင့် မိုးရွာသွန်းရသနည်း၊ အဘယ်ကြောင့် လျှပ်စီးလက်ရသနည်း၊ မိုးချုန်းရသနည်း ဟူသည့် မေးခွန်းများကို ဖြေကြည့်ပါ။ သင်၏ အဖြေမှာ ထိုအရာများကို တိုက်ရိုက်ဖြစ်ပေါ်စေသည့် အကြောင်းရင်းမှာ ထာဝရဘုရားသခင်ပင် ဖြစ်သည်ဟူ၍ပြန်လည်ဖြေဆိုလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်၊​ စာရေးသူဆိုလျှင်လည်း ထိုကဲ့သို့ပင် ထင်မှတ်ခဲ့ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သမ္မာကျမ်းစာထဲမှာ ထိုအတိုင်း ရေးထားသောကြောင့် (BIBLICAL) ဖြစ်ပါသည်။ အချို့က ချက်ခြင်းစောတက တက်ပေလိမ့်မည်။ ဒီကျမ်းချက်တွေကို ဒီလို နားလည်ရမှာ မဟုတ်ဘူး၊ ဟိုလို အနက်ပြန်ရမှာ စသဖြင့်ပေါ့။ ထိုကဲ့သို့ “ဟိုလိုအနက်ပြန်ရမယ်၊​ ဒီလိုအနက်ပြန်ရမယ်” ဟု သုံးသပ်နေခြင်းကိုက သင်သည် ယနေ့ ခေတ်ကာလ၏ သိပ္ပံဆိုင်ရာဗဟုသုတသော်လည်းကောင်း မိုးလေဝသဆိုင်ရာ ဗဟုသုတသော်လည်းကောင်း အတိုင်းအတာတခုထိ လွှမ်းမိုးထားခြင်းခံရပြီးဖြစ်သည့်အတွက် သင့်ရဲ့ မသိစိတ်ကနေ “ဒီလို အနက်ပြန်တာကတော့ မမှန်ဘူး၊ ဟိုလို အနက်ပြန်မှ မှန်မယ်” ဟု သုံးသပ်နေခြင်းဖြစ်ပါသည်။ ထို့ကြောင့်ပင် မိမိကိုယ်ကို ၂၀ ရာစုက လူတဦး သို့မဟုတ် ၂၁ ရာစုက လူတဦးကဲ့သို့ မယူဆထားဘဲ မိမိကိုယ်ကို ရှေးခေတ်ကာလတွင် အသက်ရှင်ခဲ့ဖူးသည့် လူတဦးကဲ့သို့ ခဏလောက်ရှုမြင်ပြီးမှ ထိုကျမ်းချက်များ ဖတ်ကြည့်ဖို့ရန် စာရေးသူ စကားပလ္လင်ခံခဲ့ပါသည်။ရှေးယခင်ကလူများသည် ဂြိုလ်ပတ်လမ်းများ၏ သဘောသဘာဝကို မသိနားမလည်သေးသည့်အခါ လသည် ကမ္ဘာအား လှည့်ပတ်နေခြင်း၊ ဂြိုလ်များသည် နေ (Sun) အား စည်းချက်ညီညီ စနစ်တကျ လှည့်ပတ်နေခြင်း (Solar System) သည် ထာဝရဘုရားသခင်၏ တန်ခိုးတော်၊ လက်တော်အားဖြင့် တိုက်ရိုက်ထိန်းချုပ်လည်ပတ်စေခြင်းကြောင့်ဖြစ်သည်ဟု အကြောင်းပြချက်ပေးကာ God-of-the-gaps fallacy ကို နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့ကြဖူးသည်။ မိမိတို့ မသိနားမလည်ခြင်းများအတွက် သို့မဟုတ် တစုံတယောက်နှင့် ဆွေးနွေးငြင်းခုန်နေချိန်ကာလတွင် သိပ္ပံပညာမှ မရှင်းပြနိုင်သေးသည့် အရာများအတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံးဖြေရှင်းချက်​ (The best explanation) မှာ ဘုရားသခင်(God) ပင်ဖြစ်သည်ဟု လွှဲချကြလေတော့သည်။ ထိုအရာသည် ယုတ္တိအမှားဖြစ်ပေသည်။ ဘုရားသခင်သည် ဖန်ဆင်းရှင်ထာဝရဘုရားဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ စာရေးသူလည်း ယုံကြည်ပြီးဖြစ်သည်။ သို့သော် အထက်ပါ ဂြိုလ်ပတ်လမ်းများနှင့် ပတ်သက်၍ ဘုရားသခင်က ကိုယ်တော်၏လက်တော်အားဖြင့် တိုက်ရိုက်ထိန်းချုပ်ထားခြင်း သို့မဟုတ် ဘုရားသခင်ကိုယ်တော်တိုင် တိုက်ရိုက် ပါဝင်ပတ်သက်ဆက်နွယ်နေခြင်း မရှိကြောင်း ယနေ့တွင် ကျွန်ုပ်တို့ သိနားလည်ပြီးဖြစ်ပါသည်။ အမှန်မှာ မိုးရွာသွန်းခြင်းသည် ပင်လယ်သမုဒ္ဒရာများမှ ရေများသည် နေအပူရှိန်ကြောင့် အခိုးအငွေ့ပြန်ကာ မိုးတိမ်များဖြစ်ပေါ်ပြီး အောက်သို့ ပြန်ကျလာခြင်းကြောင့် ဖြစ်ပါသည်။ ထိုအချင်းအရာကို မြန်မာနိုင်ငံ၏ ၇ တန်း ပထဝီဖတ်စာအုပ်တွင်ပင် ပြန်လည် ဖတ်ရှုလေ့လာနိုင်သည်။ ထို့အပြင် လသည် ကမ္ဘာပေါ်သို့ ကျမလာခြင်း၊ ဂြိုလ်များသည်လည်း နေထဲသို့ ဝင်မသွားဘဲ နေမင်းအား ဟန်ချက်ညီညီ လှည့်ပတ်နေခြင်း၏ အကြောင်းရင်းမှန်မှာလည်း ဒြပ်ဆွဲအား (The Force of Gravity) ကြောင့်ဖြစ်သည်။ ဒြပ်ဆွဲအားကို ရှာဖွေတွေ့ရှိခြင်းနှင့်ပတ်သက်ပြီး ထင်ရှားကျော်ကြားသူမှာ အားလုံးသိကြပြီးဖြစ်သည့် ဆရာကြီး Issac Newton ပင် ဖြစ်ပါသည်။ဆရာကြီး Issac Newton သည် ဒြပ်ဆွဲအား (The Force of Gravity) ကို လူတို့နားလည်ရန် သူရှင်းပြလေ့ရှိသည့် သူ၏ သင်္ချာညီမျှခြင်း (Mathematical Equation) များဖြင့် စာရွက်နဲ့ ခဲတံကိုသာ (ကျွန်ုပ်တို့ခေတ်ကဲ့သို့ ကွန်ပျူတာများဖြင့် မဟုတ်) အသုံးပြုပြီး ဂြိုလ်များ ရွေ့လျားမည့် လမ်းကြောင်းများ၊ နေကို လှည့်ပတ်မည့် ဂြိုလ်ပတ်လမ်းများကို ထိုခေတ်အခါက ထူးချွန်ပြောင်မြောက်စွာ တိတိကျကျ ခန့်မှန်းတွက်ထုတ်နိုင်ခဲ့သည်။ သူ၏ Equation ကြောင့် အထက်က ဂြိုလ်ပတ်လမ်းဆိုင်ရာ God-of-the-gaps fallacy သည် အဆုံးသတ်သွားလေတော့သည်။ သို့သော် ဆရာကြီး Newton ကိုယ်တိုင်သည်ပင်လျှင် နောက်ထပ် God-of-the-gaps fallacy ယုတ္တိအမှားတမျိုးကို ထပ်မံကျူးလွန်ခဲ့မိပြန်ပါသည်။ ထိုအကြောင်းအရာကို စိတ်ဝင်စားပါက ယခုဆောင်းပါး၏ ကိုးကားထားသောစာပေအရင်းအမြစ်များထဲမှ တခုဖြစ်သည့် Are gaps in scientific knowledge evidence for God? ဟူသည့် ဆောင်းပါးတွင် ကိုယ်တိုင်သွားရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။ ဆရာကြီး Newton ကဲ့သို့ ထူးချွန်ပြောင်မြောက်သောသူပင်လျှင် God-of-the-gaps fallacy ကို ကျူးလွန်ခဲ့ဖူးသည့်အတွက် ကျွန်တော်တို့ သာမန်လူများသည်လည်း ဘုရားသခင်တည်ရှိခြင်း၊​ မတည်ရှိခြင်းအကြောင်း ကျိုးသင့်ကြောင်းသင့် ဆွေးနွေးငြင်းခုန်သည့်အခါ God-of-the-gaps ယုတ္တိအမှားကို မကျူးလွန်မိစေရန် အထူးသတိပြုရှောင်ရှားသင့်ပေသည်။~~ God-of-the-gaps fallacy နှင့်ဆင်တူသော အခြားယုတ္တိအမှားများ ရှိပါသေးသလား။ ~~“မသိနားမလည်သေးသောအရာများအတွက် ဘုရားသခင် အား အစာထိုးဖြည့်တင်းသော ယုတ္တိအမှား” မျိုးကို ခရစ်ယာန်များဘက်ကသာလျှင် ကျူးလွန်တတ်သည်တော့ မဟုတ်ပေ။ ထိုကဲ့သို့ ယုတ္တိအမှားများနှင့် ဆင်တူသော အခြားယုတ္တိအမှားလည်း ရှိပါသေးသည်။ ဘုရားသခင် (God) နေရာတွင် ဘာမဆိုဖြစ်နိုင်ပါသည်။ စာရေးသူအတွေ့အကြုံအရ အတွေ့များသော ယုတ္တိအမှားများမှာ Karma-of-the-gaps fallacy နှင့် Naturalism-of-the-gaps fallacy တို့ဖြစ်ကြပါသည်။ Karma-of-the-gaps fallacy ကို ဗုဒ္ဓဘာသာဝင်များက အထူးကျူးလွန်ကြသည်ကို မကြာခဏတွေ့ရတတ်ပါသည်။ ဗုဒ္ဓဘာသာဝင်များသည်လည်း သူတို့ မသိနားမလည်သေးသောအရာများအတွက် သို့မဟုတ် သိပ္ပံပညာက လက်ရှိအချိန်တွင် မရှင်းပြနိုင်သေးသောအရာများ၊ ကွာဟချက်များအတွက် အတိတ်ကံ/ကံ ကို အစားထိုးဖြည့်တင်းတတ်သော ယုတ္တိအမှားများဖြစ်ပါသည်။ ထို့အတူ ဘုရားတရားအယုံအကြည်မရှိသူ (Atheist) အချို့တို့သည်လည်း Naturalism-of-the-gaps fallacy မကြာခဏကျူးလွန်တတ်ကြသည်။ Naturalism-of-the-gaps fallacy ကို တခါတရံ Atheism-of-the-gaps fallacy ဟူ၍လည်း ခေါ်ဆိုကြပါသည်။ ထိုယုတ္တိအမှားမှာ မသိနားမလည်သေးသည့်အရာရာတိုင်းအတွက် “သဘာဝဖြစ်စဉ်/သဘာဝတရား” အား အစားထိုးဖြည့်တင်းခြင်းဖြစ်သည်။ မိမိတို့ မသိနားမလည်သေးသည့်အရာများအတွက် အကောင်းဆုံးဖြေရှင်းချက်မှာ “ဘုရားသခင်” သာလျှင်ဖြစ်သည်ဟု မယူဆသင့်သလို ဘုရားတရားအယုံအကြည်မရှိသူများသည်လည်း မိမိတို့ မသိနားမလည်သေးသည့်အရာများအတွက် အကောင်းဆုံးဖြေရှင်းချက်မှာ “သဘာဝဖြစ်စဉ်/သဘာဝတရား” သာလျှင် ဖြစ်ရမည်ဟု မယူဆသင့်ပေ၊ အစားထိုး မဖြည့်တင်းသင့်ပေ။ မည်သည့်အရာ၌ ဘုရားသခင်တိုက်ရိုက်ပါဝင်ပတ်သက်ပြီး မည်သည့်အရာကတော့ဖြင့် သဘာဝဖြစ်စဉ်ဖြစ်သည်ကို ခွဲခြားသိရှိနိုင်ရန်မှာ နှိမ့်ချသောစိတ်ဖြင့် ဆက်လက်စူးစမ်းလေ့လာရမည့် အရာများသာဖြစ်ပါသည်။အီဂျစ်၊ ဂရိနှင့် ရောမနတ်ဘုရားကိုးကွယ်မှုနှင့် ခရစ်ယာန်ဘာသာ၏ ထာဝရဘုရားအား ယုံကြည်ကိုးကွယ်မှုတို့၏ ကွာခြားချက်မှာ နတ်ဘုရားကိုးကွယ်သူတို့သည် အာကာသ ဂြိုလ်ထည်များနှင့် သဘာဝပတ်ဝန်းကျင်များကို နတ်ဘုရားများအဖြစ် ကိုးကွယ်ယုံကြည်ခဲ့ကြပြီး (ဥပမာ နေနတ်ဘုရား၊ ကောင်းကင်နတ်ဘုရား၊ ရာသီဥတုအတွက်နတ်ဘုရား စသဖြင့်) ခရစ်ယာန်များကမူ ထိုအာကာသ ဂြိုလ်ထည်များနှင့် သဘာဝပတ်ဝန်းကျင်များသည် ဘုရားသခင်ကိုယ်တော်တိုင် မဟုတ်ဘဲ ထိုအရာများကို ဖန်ဆင်းတော်မူသည့် ဖန်ဆင်းရှင် ဘုရားသခင် အဖြစ် ယုံကြည်ကြသည်။ ထို့ကြောင့် သိပ္ပံပညာက ချက်ကျလက်ကျ ရှင်းပြလာနိုင်သည့်အခါ အထက်ပါ နတ်ဘုရားကိုးကွယ်မှုတို့သည် တိမ်ကောပျောက်ကွယ်သွားပြီး ခရစ်ယာန်ဘာသာတရားကမူ ယနေ့ထက်တိုင် တည်တံ့နေနိုင်ခြင်းဖြစ်သည်။ ခရစ်ယာန်များသည် မည်သူ (Who) ဖန်ဆင်းထားသည်ကို သိရှိယုံကြည်နိုင်ပြီး ဘုရားသခင်က ဤစကြဝဠာကြီးကို မည်ကဲ့သို့ (How) အနုစိတ်ဖန်ဆင်းခဲ့သည်ဆိုသည်ကို ကျွန်ုပ်တို့ အလုံးစုံ မသိနားမလည်နိုင်သည်ကို ဝန်ခံရပေမည်။ အချို့အရာများကို ကိုယ်တော့်လက်တော်နှင့် တိုက်ရိုက်ဖန်ဆင်းနိုင်ပြီး အချို့အရာများကို သဘာဝလမ်းစဉ်ကို အသုံးပြု၍ ကိုယ်တော်ရှင် ထိန်းချုပ်ထားနိုင်သည်။ ထင်သာမြင်သာသော ဥပမာမှာ လူတယောက်သည် ကွန်ပြူတာဆော့လ်ဝဲပရိုဂရမ်ကို ရေးသားထားပြီး တနေ့တာ လုပ်ငန်းလုပ်ငန်းစဉ်များကို သူ့အလိုလို အော်တို လည်ပတ်နေအောင် နောက်ကွယ်မှ ထိန်းချုပ်ထားသည်နှင့် ဆင်တူပေမည်။ လူကတော့ အလုံးစုံကို တိုက်ရိုက်ထိန်းချုပ်နေခြင်းမျိုးမဟုတ်ဘဲ စက်က လူရေးထားသည့် ညွှန်ကြားချက် (instruction) အတိုင်း အော်တိုလုပ်ဆောင်ပေးနေသော်လည်း ထို ပရိုဂရမ်အစီအစဉ်များကို စတင်ဖန်တီးရေးသားထားသူမှာ လူပင်ဖြစ်သည်။ ထို့အတူ ဘုရားသခင်သည်လည်း သဘာဝလမ်းစဉ် (Natural Phenomena) ကို အသုံးပြုနိုင်ကောင်းပါ၏။~~ နိဂုံး ~~�ဘုရားသခင်သည် သဘာဝနည်းလမ်းစဉ်ကို လုံးဝအသုံးပြုမည်မဟုတ်ဟု တွေးထင်ခဲ့ဖူးသည့် ခရစ်ယာန်တို့၏ အယူအဆဟောင်းများသည် မှားယွင်းကြောင်း သမိုင်းတွေ သင်ခန်းစာများရှိခဲ့ဖူးကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်များသည်လည်း မိမိ၏ အငြင်းအခုံတွင် ယုတ္တိအမှားများ ကို သတိပြုရှောင်ရှားရုံသာမက အခြားသူများ၏ အငြင်းအခုံတွင် ယုတ္တိအမှားများကို ရှာဖွေတတ်ဖို့ရန် လိုအပ်ပေသည်။ သို့မဟုတ်ပါလျှင် ငြင်းခုံဆွေးနွေးရာ၌ အမှန်တရားနှင့် ဝေးကွာပြီး ကျိုးကြောင်းဆီလျော်မှု ကင်းသွားမည်ဖြစ်သည်။ ယုတ္တိအမှားများစွာရှိသည့်အနက် God-of-the-gaps fallacy သည် ခရစ်တော်ကို ယုံကြည်သက်ဝင်သူ တယောက်အနေဖြင့် မကျူးလွန်သင့်သော ယုတ္တိအမှားတခုပင်ဖြစ်ကြောင်း ဗဟုသုတအနေဖြင့် ဖော်ပြလိုက်ရပါတော့သည်။“ဘု​ရား​သ​ခင်​မ​ရှိ​ဟု မိုက်​သော​သူ​သည်​ထင်​တတ်၏။ ထို​သို့​သော သူ​တို့​သည် ဆွေး​မြေ့​ယို​ယွင်း၍ စက်​ဆုပ်​ဖွယ်​သော ဒု​စ​ရိုက်​ကို ပြု​တတ်​ကြ၏။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။”ဆာ လံ ကမွှး။ ၁၄ : ၁၊ ၅၃ : ၁။“ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ လူ​မိုက်​တို့​သည် ပ​ညာ​နှင့် ဥ​ပ​ဒေ​သ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ကြ၏။”သု တ္တံ ကျမ်း။ ၁ : ၇✅ ကိုးကားထားသော စာပေအရင်းအမြစ်များကို λόγος website တွင် ရှာဖွေလေ့လာနိုင်ပါသည်။#λόγος #ThyLogos #SkepticJames #God_of_the_gaps_fallacy_you_shall_not_commit #ChristianApologetics #Logic #Fallacy #Philosophy

#သုံးပါးတစ်ဆူ_ဘုရားသခင်_ယုံကြည်ရခြင်း