ဝိဥာဏ်ရေး နှင့် အမှုတော်
နိဒါန်း
ဝိဥာဏ်ရေး(Spirituality) ဆိုသည်မှာ အဘယ်နည်း။ အမှုတော် (Ministry) ဆိုသည်ကို မည်သို့ နားလည်သနည်း။ ဤဆောင်းပါးသည် ခရစ်ယာန်အများစု နားလည်လက်ခံထားသည့် အမြင်နှစ်ခု ဖြစ်သည့် ဝိဥာဏ်ရေး ဟူသော နားလည်မှု နှင့် အမှုတော် ဟူသော နားလည်မှုကို ပြန်လည်သုံးသပ်လိုခြင်း ဖြစ်ကာ အဆိုပါ နားလည်မှု နှစ်ခု ဆက်စပ်နေမှုကို ဖော်ပြလိုခြင်းဖြစ်ပါသည်။
ဝိဥာဏ်ရေး / ခန္ဓာရေး
ဝိဥာဏ်ရေး ဟု ဆိုသည်နှင့် ကြှနျုပျတို့ မည်သည့် တိုင်းတာမှုဖြင့် တိုင်းတာကြသနည်း။ သမရိုးကျ နားလည်မှုတွင် ဝိဥာဏ်ရေး အားကြီးသူ ဟု ဆိုသည်နှင့် သာမာန်အားဖြင့် ဘုရားပုံမှန် ဝတ်ပြုခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဘာသာရေး ဓလေ့များကို မွေ့လျော်ခြင်း အစရှိသည်တို့ကို မပျက်မကွက်ပြုလုပ်သူများကိုသာ ညွှန်ပြကြလိမ့်မည် ဖြစ်ပါသည်။ တနည်းအားဖြင့် လူ့ဘောင် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကို လျစ်လျူရှုကာ မိမိနှင့် ဘုရားအကြားဆက်သွယ်မှု ကို ဦးစားပေးသည့် တစ်သီးပုဂ္ဂလဆန်မှုကို ဝိဥာဏ်ရေး အားကြီးသည် ဟု သတ်မှတ်တတ်ကြပါသည်။
ထို့အပြင် သမရိုးကျ နားလည်သော ဝိဥာဏ်ရေးနားလည်မှုတွင် ဒွိဂုဏ် ခွဲခြားခြင်း ရှိနေပါသည်။ ဝိဉာဏ်ရေး ဆိုသည်မှာ လောကီအရေး မဟုတ်ဘဲ လောကုတ္တရာ အရေးကိစ္စ သာဖြစ်သည်။ ဝိဉာဏ်ရေးဆိုသည်မှာ ဖြစ်တတ်ပျက်တတ်သော ခန္ဓာအရေးထက် ပိုမို မြင့်မြတ် ပါသည် ဟူသော နားလည်မှုပင် ဖြစ်ပါသည်။ ထို့ကြောင့် ဤလောကတွင် ဖြစ်ပျက်နေမှုများသည် ဝိဥာဏ် နှင့် မဆိုင်ဘဲ ကျမ်းစကားကို ကိုးကားရသော် ဇာတိအရေး သာဖြစ်သည်။ မိမိနှင့် ဘုရားသခင် ဆက်သွယ်မှုသည်သာ အရေးပါသည် ဟူသော အမြင်ဖြစ်ပါသည်။
လောကတွင် မတရားမှုများ၊ မကောင်းမှုများ ရောဂါဘယများ စသည်တို့ကို ကြုံတွေ့လာရသောအခါ ဤလောကသည် မိမိတို့နှင့်မဆိုင် စာတန်၏ လုပ်ရပ်များသာဖြစ်ကြောင်း နားလည်ကြပါသည်။ မိမိတို့သည် အဆိုပါ အခြေအနေများ၏ အထက်တွင် ရှိနေသူများအဖြစ်လက်ခံကာ အဆိုပါအခြေအနေများကို ထားခဲ့ကာ ဘုရားနှင့် တစ်ဦးချင်း၊ အုပ်စုလိုက် မိတ်သဟာရဖွဲ့ ဆက်နွယ်မှုများကို ဝိဥာဏ်ရေးဟု သမရိုးကျအမြင်က နားလည်လက်ခံကြပါသည်။
ထို့ကြောင့် ယျေဘူယျအားဖြင့် ခရစ်ယာန်အများစု နားလည်သော ဝိဥာဏ်ရေးကို ကောက်ချက်ဆွဲသော် အချက်သုံးချက်တွေ့နိုင်ပါသည်။ ဝိဥာဏ်ရေးသည် တစ်သီးပုဂ္ဂလ ဆန်ပါသည်။ ဝိဥာဏ်ရေးသည် ဒွိဂုဏ်ခွဲခြားသတ်မှတ်ပါသည်။ ဝိဥာဏ်ရေးသည် ဤလောက နှင့် မဆိုင်သော အခြားသောလောက၊ အခြားသော ကောင်းကင်ကို မျှော်ကိုးပါသည်။
အရာအားလုံးနှင့်နှီးနွယ်နေသောသက်ရှိ
မည်သည့်အရာကို လူ ဟု ဆိုနိုင်သနည်း။ လူ ဟု ဆိုရာတွင် ခန္ဓာကိုယ် (Body) ကို သာညွှန်းဆိုပါသလား။ သို့မဟုတ် ဝိဥာဏ် (Spirit)ကိုသာ ညွှန်းဆိုပါသလား။ခရစ်ယာန်နားလည်မှုသည် ဂရိအတွေးအခေါ် လွှမ်းမိုးနေခြင်းကြောင့်သာ လူ ဟုဆိုရာတွင် ဝိဥာဏ်သာ ကောင်းမွန်ပြီး ခန္ဓာသည် ပုပ်ပျက်တတ်ဟု ဒွိဂုဏ်ခွဲခြားသတ်မှတ်ကြခြင်းဖြစ်ပါသည်။
စင်စစ် လူ ဟု ဆိုရာတွင် ဥဿုံသဘော ဆောင်ပါသည်။ ခန္ဓာ-ဝိဥာဏ် အားလုံးအကျုံးဝင်လျက်ရှိပြီး ခန္ဓာကျန်းမာခြင်းသည်လည်း ဝိဥာဏ် သဘောနှင့် ဆက်စပ်လျက်ရှိပါသည်။ ထို့အပြင် လူသည် တစ်သိီးပုဂ္ဂလ ရပ်တည်၍မရဘဲ လူအချင်းချင်း၊ လူနှင့် သတ္တဝါ၊ လူနှင့်သဘာဝ အပြန်အလှန် မှီခို၍ ရပ်တည်နေရသော သက်ရှိဖြစ်ပါသည်။ ဝိဥာဏ်သည် ခန္ဓာမရှိဘဲ မဖြစ်နိုင်သကဲ့သို့ ခန္ဓာသည်လည်း ရေ၊လေ၊မြေ သဘာဝ အခြားသော သက်ရှိသက်မဲ့ မရှိဘဲ မရပ်တည်နိုင်ပေ။
ထို့ကြောင့် ဝိဥာဏ်ရေးဟု ဆိုရာတွင်လည်း ဝိဥာဏ်၏ အရေးတစ်ခု၊ မိမိနှင့် ဘုရားအကြား ဆက်နွယ်မှုတစ်ခု၊ လောကုတ္ထရာ အရေးသာ မဟုတ်ဘဲ အားလုံးနှင့် ဆက်စပ်လွှမ်းခြံုလျက်ရှိသော အရေးသာဖြစ်ပါသည်။ ဝိဥာဏ်ရေးသည် ဘာသာရေး နယ်ပယ်ကိုကျော်လွန်လျက် အရာအားလုံး နယ်ပယ်အားလုံးတွင် သက်ရောက်လျက်ရှိသော အရေးအရာဖြစ်ပါသည်။
လူသား (သိပ္ပံသဘော နှင့် ဓမ္မသဘော)
သက်ရှိအရာအားလုံးသည် မည်သို့ စတင်ခဲ့သနည်း။ ကြှနျုပျတို့၏ စကြဝဠာကြီး မည်သို့အစပြုခဲ့သနည်း။ သိပ္ပံသဘောအရ စကြဝဠာကြီးသည် ဂတ်စ်အစိုင်အခဲကြီး အေးခဲလာရာမှ ကြယ်ကြီးဖြစ်ပေါ်လာပြီး ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များ ထွက်ပေါ်လာကာ ထိုမှတစ်ဆင့် ဟီလီယံဓာတ်ငွေ့များ ဖြစ်ပေါ်လာပါသည်။ ကြယ်များအေးခဲလာသောအခါ ဟီလီယံများနှင့် ဓာတ်ပြုရာမှ ကာဘွန် အက်တမ်များ ထွက်ပေါ်လာပါသည်။ ထိုမှတစ်ဆင့်ပြီး တစ်ဆင့် နိုက်ထရိုဂျင်၊ အောက်ဆီဂျင် များနှင့် စကြင်္ဝဠာကြီး အစပြုခဲ့ကာ လူသာများအဖြစ် တည်ရှိလာခဲ့ရခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် သက်မဲ့ အရာများ inorganic matter မှ တစ်ဆင့်ပြီးတစ်ဆင့် သက်ရှိ organic matter အဆင့်သို့ တစ်ဖြည်းဖြည်း ဆင့်ကဲဖြစ်လာရခြင်းEvolution ဖြစ်ပါသည်။
ဓမ္မသဘောအရ inorganic မှ organic evolution နားလည်မှုကို ဟီဘရူး ရေခံမြေခံတွင်လည်း တွေ့နိုင်ပါသည်။ ကမ္ဘာဦးကျမ်း ၂:၇ တွင် လူသည် မြေကြီးမှ ထွက်ပေါ်လာကြောင်း (လူသား အာဒမ် သည် အဒမ်မာ ဟု ခေါ်သော မြေကြီးမှ ထွက်ပေါ်လာခြင်း) မှတ်တမ်းတင်ထားသည်ကို ကြည့်ခြင်းဖြင့် သိပ္ပံမှ နားလည်သော ဆင့်ကဲဖြစ်စဉ်သဘောသည် ဘာသာရေးနယ်ပယ်တွင်လည်း သက်ရောက်မှုရှိကြောင်းကို တွေ့နိုင်ပါသည်။
သိပ္ပံသဘောအရ လူသား သည် တစ်ခြားသော သတ္တဝါများကဲ့သို့ ဆင့်ကဲပြောင်းလဲရာတွင် နှေးကွေးစွာ ပြောင်းလဲနေခြင်းမဟုတ်ဘဲ လျင်မြန်စွာဆင့်ကဲပြောင်းလဲနေပါသည်။ အဘယ်ကြောင့်ဆိုသော် အခြားသော သက်ရှိများကဲ့သို့ မျိုးရိုးဗီဇပြောင်းလဲ နေခြင်း genetic evolution တစ်ခုတည်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အသိဥာဏ်ပိုင်းဆိုင်ရာပါ တိုးတက်ပြောင်းလဲ နေခြင်းကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် လူသားသည် တစ်ဆင့်ပြီးတစ်ဆင့် (ဘာသာစကား၊ ဘာသာရေး၊ လူမှုဘဝ) တိုးတက်လာရခြင်းဖြစ်ပါသည်။ လူသားသည် မိမိကိုယ်ကို သိလာနိုင်ခြင်း၊ အခြားသော မိမိထက် အသိစွမ်းရည်မြင့်သောအရာများကို သိလာနိုင်ခြင်း ဖြစ်ပါသည်။
ဓမ္မသဘောအရ လူသားသည် အခြားသော သက်ရှိများကဲ့သို့ ဘုရားသခင် ဖန်ဆင်းသော သတ္တဝါဖြစ်ပါသည်။ (ကမ္ဘာဦးကျမ်း ၁) ထိုနည်းတူစွာ လူသားသည် ဘုရားသခင် ဇီဝအသက် မှုတ်သွင်းပေးခဲ့သော သတ္တဝါ ဖြစ်ပါသည်။ (ကမ္ဘာဦးကျမ်း ၂) ထို့ကြောင့် လူသားသည် အခြားသောသတ္တဝါများကဲ့သို့ ရူပသတ္တဝါ ဖြစ်သကဲ့သို့ (physical being) တစ်ချိန်တည်းတွင်ပင် ဝိဥာဏသတ္တဝါ (spiritual being) ဖြစ်ပါသည်။
သိပ္ပံသဘောအရ လူသားသည် သတ္တဝါများထဲတွင် အမြင့်ဆုံးဖြစ်လာရခြင်းမှာ မျိုးရိုးဗီဇသာမက အသိဥာဏ် စိတ်နေစိတ်ထား ဆင့်ကဲပြောင်းလဲနိုင်မှုကြောင့်ဟု ဆိုပါသည်။ ဓမ္မသဘောအရ လူသားသည် အခြားသောသတ္တဝါများကဲ့သို့ ရူပသတ္တဝါ ဖြစ်ခြင်းသာမက ဝိဥာဏသတ္တဝါ ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ မျိုးရိုးဗီဇ မပြောင်းလဲဘဲ စိတ်နေစိတ်ထား အသိဥာဏ်ချည်း ပြောင်းလဲ၍ မရသကဲ့သို့ ရူပသတ္တဝါဖြစ်ခြင်း မဟုတ်ဘဲ ဝိဥာဏ သတ္တဝါအဖြစ် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဝိဥာဏ်ရေး Spirituality ဟု ဆိုရာတွင် တစ်သီပုဂ္ဂလဆန်ခြင်း၊ ဒွိဂုဏ်ခွဲခြားခြင်း၊ မိမိ၏ မူရင်း inorganic matter ကို လျစ်လျူရှုခြင်း မျိုး လုပ်ဆောင်၍ ရသည့် အရာမဟုတ်ပေ။
ဝိဥာဏ်ရေး နှင့် သမ္မာကျမ်းစာ
ဓမ္မဟောင်းတွင် လူသား၏ သဘောသဘာဝကို ဒွိဂုဏ်ဖြင့် ဖော်ပြခြင်း မရှိဘဲ ဥဿုံသဘောဖြင့် နားလည်သည်ကို တွေ့နိုင်ပါသည်။ လူသားဟု ဆိုရာတွင် ခန္ဓာ ဝိဥာဏ်ခွဲခြားခြင်းမရှိဘဲ သတ်မှတ်ခေါ်ဆိုမှု လေးမျိုးဖြင့် သတ်မှတ်ခဲ့သည်ကို တွေ့ရပါသည်။ လူသည် ထိတွေ့ကိုင်တွယ်၍ရသော အရာ flesh- bsr or seer ဖြစ်ပါသည်။ လူသည် ဘုရားသခင်မှုတ်သွင်းသော အသက် ဝိဥာဏ် breath- rah ဖြင့် စွမ်းအင်ပြည့်ဝ လှုပ်ရှားနေသော သတ္တဝါ ဖြစ်ပါသည်။ လူသည် အသက်ရှုရန် လည်ချောင်း throat- nepe ဖြင့် အသက်ရှင် လှုပ်ရှားနေသော သတ္တဝါဖြစ်ပါသည်။ လူသားသည် နှလုံးသား Heart- leb ရှိသော သတ္တဝါဖြစ်ပါသည်။
ဤတွင် အသက် ဝိဥာဏ်ဟု ဖော်ပြရာ၌ သုံးသော rah ကို အကျယ်နားလည်ရန် လိုအပ်လာပါသည်။ ၎င်းကို ကမ္ဘာဦးကျမ်း ၁ တွင် မျက်နှာပြင်ပေါ်တွင် လှုပ်ရှားနေသော ဘုရား၏ ဝိဥာဏ် (the Spirit of God)ကို ဖော်ပြရာတွင် သုံးသလို၊ ယေဇကျေလ ၃၇:၁-၁၀၊ ဒေသနာကျမ်း ၃:၂၁၊ ၁၂:၇ တို့၌ အသက်ရှင်သန် လှုပ်ရှားမှုကို ဖြစ်စေသော ဘုရားသခင်၏ မှုတ်သွင်းခြင်း(life giving breath of God) ဟု သုံးပါသည်။ လေ ဟု အဓိပ္ပါယ်ရပါသည်။ ဝိဥာဏ်ရေး ဝိဥာဏ်သဘော (Spirituality) ဟု ပြောဆို နားလည်သည့် အခါ အဆိုပါ လေ ( rah- breath- spirit- wind) ဟူသော အဓိပ္ပာယ်ကို အရင်းခံရန် လိုအပ်ပါသည်။
ဓမ္မသစ်ကျမ်းတွင် psyche ဟူသော ဂရိစကားလုံးသည် breath ဟု အဓိပ္ပာယ်ရပါသည်။ ၎င်းကို ခရစ်ဝင်ကျမ်းများတွင် Life ဟု ဘာသာပြန်ပါသည်။( မဿဲ ၆:၂၅၊ မာကု ၈:၃၅) Psyche ကို ရှင်ပေါလုက Spirit-Pneuma နှင့် အတူတွဲရေးသားသည်ကို တွေ့ရပါသည်။( ၁ သက်သာလောနိတ် ၂:၁၇ တွင်Psyche, Pneuma, Soma) ဟု အတွဲလိုက်ရေးသားပါသည်) လူတစ်ကိုယ်လုံးကို ဆိုလိုခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဓမ္မသဘောအရ လူဟု ဆိုရာတွင် ဝိဥာဏ် ခန္ဓာ၊ ရုပ် နာမ် ခွဲခြား၍ မရဘဲ အပေါင်းအစုဖြင့် ရှင်သန်သော အသက်ဝိဥာဏ် ဖြစ်သည် ဟု နားလည်နိုင်ပါသည်။
rah ကို အရင်းခံသော ဝိဥာဏ်ရေးသတ္တိ
လေ သည် အသက်ရှင်သန်ရေးအတွက် အရေးပါသော စွမ်းအင်ဖြစ်ပါသည်။ ဖန်ဆင်းခြင်းအစတွင် လေသည် Spirit of God အဖြစ် ဗရမ်းဗတာ ဖြစ်စဉ်များအတွင်းမှ ( Chaos) မှ တည်ငြိမ်ခြင်း (Order) ကို ယူဆောင်လာပါသည်။ အဓိပ္ပာယ် မဲ့ခြင်းမှ အဓိပ္ပာယ်ရှိခြင်းကို ယူဆောင်လာပါသည်။ ပြုပြင်ပြောင်းလဲခြင်းကို ယူဆောင်လာပါသည်။
ဝိဥာဏ်ရေးဟု ဆိုရာတွင်လည်း rah လေကဲ့သို့ ရှင်သန်ခြင်းအသက်စွမ်းအင်ကို ပေးစွမ်းရန် လိုအပ်ပါသည်။ ထိုသို့ပေးစွမ်းရာတွင် ဝိဥာဏ်အတွက်၊ တစ်သီးပုဂ္ဂလိက ဆက်နွယ်မှုတစ်ခု၊ အခြားကမ္ဘာကိုမျှော်ကြည့်သော ရှင်သန်ခြင်းမျိုးသာ မဟုတ်ဘဲ ဥဿုံဖြစ်ခြင်း၊ နှီးနှောဆက်နွယ်ခြင်း နှင့် လောကီ လောကုတ္တရာ နှစ်ခုစလုံးပါ အကျုံးဝင်သော စွမ်းအင် အသက်ပေးစွမ်းခြင်းမျိုး ဖြစ်ရန်လိုအပ်လှပါသည်။
ထို့ကြောင့် ဝိဥာဏ်ရေးဟု ဆိုရာတွင် ဘုရားသွားကျောင်းတက် ကျမ်းစာဖတ် ဆုတောင်းသာ မဟုတ်တော့ဘဲ အားလုံးနှင့်သက်ဆိုင်လာကာ နေ့စဉ်ဘဝတွင် သာမန်အပြုအမူများတွင်ပင် သက်ဝင်လျက်ရှိလာပါသည်။ နိုင်ငံရေးသမားတစ်ယောက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရားမျှတမှုထွန်းကားစေရန် ကြိုးပမ်းခြင်းသည် ဝိဥာဏ်ရေး ဖြစ်လာပါသည်။ ဆရာဝန်တစ်ယောက်သည် အားဆေးထိုးရန်မလိုသည့် လူနာကို အားဆေးထိုးမပေးသော ဆုံးဖြတ်ချက် သတ္တိသည် ဝိဥာဏ်ရေး သတ္တိ ဖြစ်လာပါသည်။ ကျောင်းသားတစ်ယောက် စာမေးပွဲ ကျချင်ကျပါစေ စာမခိုးချခြင်းသည်လည်း ဝိဥာဏ်ရေး သတ္တိ ဖြစ်လာပါတော့သည်။
အမှုတော်
ခရစ်ယာန် အများစု နားလည်သော အမှုတော်ကို အလွယ်ပြောရသော် အမှုတော် ဆိုသည်မှာ ဘုရား၏အလုပ် ဖြစ်ပါသည်။ ဘုရား၏အလုပ် ကို လုပ်ဆောင်သူကို အမှုတော်ဆောင် ဟု ခေါ်ကြပါသည်။
ဤတွင် မေးစရာရှိလာသည်မှာ ဘုရား၏ အလုပ် ဆိုသည်မှာ အဘယ်နည်း။ ဘုရားသည် မည်သည့် အလုပ်ကို လုပ်သနည်း။ ဘုရားသခင်သည် မည်သည့် အလုပ်ကို လုပ်ရန် အလိုတော်ရှိသနည်း။ တနည်းအားဖြင့် ဘုရားသခင်၏ အလိုတော်သည် အဘယ်နည်း။ ဘုရားသခင်၏ သာသနာသည် အဘယ်နည်း။
ဘုရားသခင်၏ သာသနာ
ကာလ်းဘတ် ဟုခေါ်သော ဆွဇ်ဇာလန် လူမျိုး ဓမ္မဒဿန ပညာရှင်က သာသနာ ဟု ဆိုရာတွင် နှစ်ခြင်းသာသနာ၊ အင်္ဂလီကန် သာသနာ ၊ အသင်းတော်၏ သာသနာ စသည်ဖြင့် မရှိဘဲ သာသနာ ဆိုသည်မှာ ဘုရားသခင်၏ သာသနာ missio Dei ဟူ၍သာ ရှိသည်ဟု ဆိုပါသည်။ ဘုရားသခင်သည် သူ၏ အမှုတော်ကို ခရစ်တော်အားဖြင့် ဆောင်ရွက်စေသကဲ့သို့ ခရစ်တော်ပြီးသည့်အခါ သန့်ရှင်းသော ဝိဥာဏ်တော် ထိုမှတစ်ဖန် အသင်းတော် အားဖြင့် လောကကြီးထဲတွင် ဆောင်ရွက်စေသည် ဟု ဆိုပါသည်။
ဘတ် ၏ အဆိုအရ လက်ရှိ အသင်းတော် နှင့် အသင်းသားများ ထိုမှ တစ်ဆင့်တက်သော် လူသားအားလုံးသည် ဘုရားသခင်၏ သာသနာ၊ အမှုတော်ကို ထမ်းဆောင်ရန် တာဝန်ခွဲခန့်ထားခြင်း ခံရသူများ ဖြစ်လာပါသည်။ ထို့ကြောင့် အမှုတော်ဆောင်၊ သာသနာပြု ဘုရားအလုပ် လုပ်သူ ဟု ဆိုရာတွင် အသက်မွေးဝမ်းကြောင်းသဘောအရ၊ ရာထူးအရ သတ်မှတ်ထားသည် မဟုတ်ဘဲ ဘုရားသခင်၏ အမှုတော် သာသနာတော်ကို ဆောင်ရွက်သူ မည်သူမဆို အမှုတော်ဆောင် ဖြစ်လာပါသည်။ သင်းအုပ်ဆရာ၊ ဓမ္မဝန်ဆောင် မှ အမှုတော်ဆောင် မဟုတ်ဘဲ ဘုရား၏ အမှုတော်ကို ထမ်းရွက်သူ မည်သူမဆို အမှုတော်ဆောင်ဖြစ်လာပါသည်။
အမှုတော်၊ အလိုတော်၊ သာသနာကား အဘယ်နည်း။
နာဇရတ်ကြေညာစာတမ်း
လုကာ ၄:၁၈-၂၀ သည် ဟေရှာယ ၆၁ ကို ပြန်လည်ကိုးကားထားသော ကျမ်းစာဖြစ်ပါသည်။ အဆိုပါ ကျမ်းစာကို နာဇရတ် ကြေညာစာတမ်းဟု ခေါ်ပါသည်။ ခရစ်တော်ကြွလာရခြင်း၏ ရည်ရွယ်ချက်ကို ဖော်ပြထားသော ကျမ်းစာဖြစ်ပါသည်။ တနည်းအားဖြင့် အဆိုပါ ကျမ်းသဘောသည် ခရစ်တော် ဘုရားသခင်ထံမှ ယူဆောင်လာသော သိတင်းစကားMessage ဖြစ်ပါသည်။ ဘုရားသခင်၏ အမှုတော်၊ အလိုတော် ဖြစ်ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းလည်း ဖြစ်ပါသည်။ တနည်းအားဖြင့် ခရစ်တော်ဆောင်ရွက်ခဲ့သော ဘုရားသခင်၏ အမှုတော်ဖြစ်ပါသည်။
Paul F Knitter ဟု ခေါ်သော ပညာရှင်က ဆိုသည်မှာ ယနေ့အခါတွင် သိတင်းစကား Message သည် မှေးမှိန်လာကာ သိတင်းစကားကို ယူဆောင်လာသူ Messenger က ပိုမို အရေးပါလာသည်။ ခရစ်ဆောင်ရွက်ခဲ့သော ဘုရားသခင်၏ အမှုတော်သည် ယခုခေတ် လူများ ဆောင်ရွက်ရန် မှေးမှိန်လာပြီး Messenger ဖြစ်သော ခရစ်တော် သည် Message ဖြစ်လာသည် ဟု ၎င်းကဆိုပါသည်။ တနည်းအားဖြင့် အမှုတော်သည် ထမ်းရွက်ရန် အာရုံအစိုက်မခံရသည့် သဘောဖြစ်လာပါသည်။
နိုင်ငံတော် တည်ထောင်ပါစေသော်။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့.......
ဤဆုတောင်းချက်သည် ဘုရားသခင်၏ အမှုတော် သာသနာ အလိုတော်ကို အဓိပ္ပာယ် ဖွင့်ဆိုနိုင်သော အတိုဆုံး ဖွင့်ဆိုချက်ဖြစ်ပါသည်။ ကောင်းကင်နိုင်ငံတော် ကို မြေကြီးပေါ်တွင် တည်ထောင်ခြင်းသည် ဘုရားသခင်၏ အမှုတော် သာသနာတော် အလိုတော် ဖြစ်ပါသည်။ တနည်းအားဖြင့် ကောင်းကင်နိုင်ငံ၏ အနှစ်သာရ မြေကြီးပေါ်တွင် ပြည့်စုံရန်ကြိုးစားခြင်းသည် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ခြင်း၊ ဘုရားသခင်၏ သာသနာတော်ကို ပြုခြင်း အလိုတော်ကို လိုက်လျှောင်ခြင်း ဖြစ်ပါသည်။
ကောင်းကင်နိုင်ငံတွင် ချစ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း ပြန်လည်သင့်မြတ်ခြင်း အပြန်အလှန်လေးစားခြင်း အစရှိသည်တို့ သာ ပြည့်နှက်နေပါသည် ဟု ယုံကြည်ပါသည်။ မြေကြီးပေါ်တွင် ကောင်းကင်နိုင်ငံတည်ထောင်ခြင်းဆိုသည်မှာ မေတ္တာနိုင်ငံ တည်ထောင်ခြင်း၊ ငြိမ်းချမ်းခြင်း တည်ဆောက်ခြင်း၊ တရားမျှတမှု ဖော်ဆောင်ခြင်း၊ အပြန်အလှန်လေးစားခြင်း အစရှိသည်တို့ တည်ဆောက်ခြင်းဖြစ်ပါသည်။ ဤသည်တို့ကို အကောင်အထည်ဖော်ရန် ဆောင်ရွက်ခြင်းသည် ဘုရားသခင်၏ အမှုတော်ဆောင်ရွက်ခြင်း ဖြစ်လာပါသည်။
ထိုအခါ အမှုတော်ဆောင်ခြင်းဆိုသည်မှာ သင်းအုပ်ဆရာလုပ်ခြင်း၊ ဓမ္မဝန်ဆောင်လုပ်ခြင်း ဆိုသော အလုပ်သီးသန့်တစ်ခုသာမဟုတ်တော့ဘဲ မိမိတို့၏ နေ့စဉ်ဘဝနှင့် သက်ဆိုင်လာပါတော့သည်။နိုင်ငံရေးသမားတစ်ယောက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရားမျှတမှုထွန်းကားစေရန် ကြိုးပမ်းခြင်းသည် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ခြင်း ဖြစ်လာပါသည်။ ဆရာဝန်တစ်ယောက်သည် အားဆေးထိုးရန်မလိုသည့် လူနာကို အားဆေးထိုးမပေးသော ဆုံးဖြတ်ချက် သတ္တိသည် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ခြင်း ဖြစ်လာပါသည်။ ကျောင်းသားတစ်ယောက် စာမေးပွဲ ကျချင်ကျပါစေ စာမခိုးချခြင်းသည်လည်း ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ခြင်း ဖြစ်လာပါတော့သည်။
နိဂုံး။ ။ဝိဥာဏ်ရေး နှင့် အမှုတော်
ဝိဥာဏ်ရေးသတ္တိ နှင့် အမှုတော်သည် ဆက်စပ်လျက်ရှိပါသည်။ ဝိဥာဏ်ရေး သတ္တိမရှိဘဲလျက် အမှုတော်ဆောင်ရန် မဖြစ်နိုင်ပေ။ ဝိဥာဏ်ရေးသည် လောကုတ္တရာ အလုပ်ကို သာ အာရုံပြုခြင်း မဟုတ်သကဲ့သို့ အမှုတော်ဆောင်ခြင်းသည်လည်း ဘာသာရေး အလုပ်တစ်ခုသာ မဟုတ်ပေ။
ဝိဥာဏ်ရေးသည် ဥဿုံသဘော ဆောင်ပါသည်။ အမှုတော်သည်လည်း နေရာစုံ အခြေအနေအစုံတွင် ထမ်းဆောင်နိုင်ပါသည်။ ဝိဥာဏ်ရေးသည် အသက်ကိုပေးသောစွမ်းအင်ဖြစ်ပါသည်။ အမှုတော်သည် ဝိဥာဏ်ရေးကပေးသော စွမ်းအင်ဖြင့် လုပ်ဆောင်ရမည့် အရာပင်ဖြစ်ပါသည်။
ဝိဥာဏ်ရေးသတ္တိသည် ပြုပြင်ပြောင်းလဲခြင်းကို ယူဆောင်လာသူဖြစ်ပါသည်။ အမှုတော်သည် ကမ္ဘာလောကကြီးကို ပြုပြင်ပြောင်းလဲရန် ဖြစ်ပါတော့သည်။
လူ၏အမှုကိုဆောင်ရွက်သကဲ့သို့မဟုတ် သခင်ဘုရား၏ အမှုကိုဆောင်ရွက်သကဲ့သို့ ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော့။
ကောလောသဲ ၃:၂၃
Credit: OIKOs Theological Articles
Comments
Post a Comment