လက်မထပ်မှီ လိင်မှုကိစ္စ။ ။ ခရစ်ယာန်ကိုယ်ကျင့်တရားဗေဒ ရှုထောင့်မှ လေ့လာခြင်း
နိဒါန်း
ဤဆောင်းပါးသည် အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းကို အပြစ်ရှိသည် သို့မဟုတ် အပြစ်မရှိပါ ဟု ဆုံးဖြတ်ပေးမည့် စာစုမဟုတ်ပေ။ လိင်မှုကိစ္စကို ခရစ်ယာန် ကိုယ်ကျင့်တရားဗေဒ မှ မည်သို့ နားလည်သည်ကို အကြမ်းဖျဉ်း ယျေဘူယျ မိတ်ဆက်ပေးလိုခြင်းဖြစ်ပါသည်။
မည်သည့်အမြင်မှ ရာနှုန်းပြည့် မှန်ကန်သည် ဟု မဆိုနိုင်ပေ။ အကြောင်းအရာ တစ်ခုအပေါ်တွင် အမြင် ယူဆချက် များစွာ ရှိနိုင်ပါသည်။ ထိုအမြင်များတွင်လည်း အားနည်းချက် အားသာချက် များစွာ ရှိမည်ဖြစ်ပါသည်။ခရစ်ယာန် ကိုယ်ကျင့်တရား ဗေဒ ရှုထောင့်မှ လိင်မှုကိစ္စ အပေါ် အမြင်များကို အကြမ်းဖျဉ်း ယျေဘူယျ နားလည်ပြီးမှသာ မိမိလက်ခံထားသော မှန်သည်၊ မှားသည် ဟူသော နားလည်မှုကို သုံးသပ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
အဖြူ သို့မဟုတ် အမဲ
ကိုယ့်ကျင့်တရားဗေဒ ဆိုသည်မှာ အဘယ်နည်း။ ယျေဘူယျ ဆိုသော် ကိုယ်ကျင့်တရားဗေဒ (ethics) ဆိုသည်မှာ မည်သည့်အရာက မှန်သည်၊ကောင်းသည် သို့မဟုတ် မည်သည့်အရာက မှားသည်၊ မကောင်းပါ ကို ဖွင့်ဆို ဆုံးဖြတ် သုံးသပ်ရသော ပညာရပ်နယ်ပယ် ဖြစ်ပါသည်။
သို့ရာတွင် ကောင်းပါသည် မှန်ပါသည် ဟု လူအများလက်ခံထားသော အရာတိုင်းသည် အမှန်တကယ် ကောင်းပါသလား မှန်ပါသလား သို့မဟုတ် လူအများလက်ခံထားသော မှားပါသည် မကောင်းပါ ဆိုသော အရာအားလုံးအထဲတွင် ကောင်းသည့်အရာများ မရှိတော့ပြီလား ဆိုသည်ကိုပါ လက်ခံစဉ်းစားရသော နယ်ပယ်ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ကျင့်တရား နယ်ပယ်ကို လိုက်စားကြသူများသည် အဖြူ အမဲ သဲသဲကွဲကွဲ ရပ်တည်ရခြင်းထက် အဖြူထဲကအမဲ၊ အမဲထဲက အဖြူကို ရှာဖွေရသောကြောင့် မီးခိုးရောင် နယ်ပယ်တွင် ရုန်းကန်နေကြသူများဟု ဆိုနိုင်ပါသည်။
ဘုရားသခင် နှင့် ခရစ်ယာန်ကိုယ်ကျင့်တရားဗေဒ
Dennis P Hollinger ဟု ခေါ်သော ခရစ်ယာန်ကိုယ်ကျင့်တရားဗေဒ ပညာရှင် က ဘုရားသခင်နှင့် ခရစ်ယာန် ကိုယ်ကျင့်တရားဗေဒ ၏ ဆက်နွယ်မှုကို ဖော်ပြခဲ့ပါသည်။ ၎င်းက အချက်သုံးချက်ဖြင့် ဖော်ပြခဲ့ပါသည်။
(၁) ဘုရားသခင်သည် ခရစ်ယာန်ကိုယ်ကျင့်တရားဗေဒ၏ အခြေခံဖြစ်ပါသည်။ (God, the Foundation of Christian Ethics) မည်သည့် အရာက မှန်သည်၊ မည်သည့်အရာက ကောင်းသည်၊ မည်သည့်အရာက ပညာနှင့်ပြည့်ဝသည် ဟု ဆုံးဖြတ်ရာတွင် ဘုရားသခင်၏ သဘာဝ၊ ဘုရားသခင်၏ အပြုအမူ နှင့်သာ ချိန်ထိုးသတ်မှတ်ရန် လိုပါသည် ဟု ၎င်းကဆိုပါသည်။ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံမှ လာသောကြောင့် ကောင်းသော ဘဝကို ရွေးချယ်ခြင်း ဆိုသည်မှာ ဘုရားသခင် နှင့် မိမိအိမ်နီးနားချင်း အပေါ်တွင် ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသော ဘဝ ကို ရွေးချယ်ခြင်း ဖြစ်ပါသည်။
(၂) ဘုရားသခင်သည် ခရစ်ယာန် ကိုယ်ကျင့်တရားဗေဒ၏ စံသတ်မှတ်ချက်ဖြစ်ပါသည်။ (God, the Norm of Christian Ethics) ဘုရားသခင် ဖိနှိပ်ခံရသူတို့အပေါ် ထားသော တရားမျှတခြင်းသည် ခရစ်ယာန်တို့နားလည်ရမည့် တရားမျှတခြင်းပင်ဖြစ်ပါသည်။ ဘုရားသခင် ခရစ်တော်အားဖြင့် ပေးသော ခွင့်လွှတ်ခြင်းသည် ခရစ်ယာန်တို့ နားလည် ကျင့်သုံးရမည့် ခွင့်လွှတ်ခြင်းပင်ဖြစ်ပါသည်။
(၃) ဘုရားသခင် သည် ခရစ်ယာန်ကိုယ်ကျင့်တရားဗေဒ ၏ စွမ်းအင် ဖြစ်ပါသည်။ (God, the Power of Christian Ethics) သန့်ရှင်းသော ဝိဥာဏ်တော်မှ ပေးစွမ်းသော စွမ်းအားသတ္တိဖြင့် ကောင်းမွန်သော ခရစ်ယာန် လူမှုဘဝ ကို တည်ဆောက်ရန် ဖြစ်ပါသည်။
ထို့ကြောင့် ခရစ်ယာန် ကိုယ်ကျင့်တရား ဆိုသည်မှာ ဘုရားသခင် ကို မျှော်ကြည့်ရသော တရားဖြစ်ပါသည်။ ဘုရားသခင်ကို မျက်နှာမူရသော တရားဖြစ်ပါသည် ဟု ဆိုနိုင်ပါသည်။
နေ့စဉ်ဘဝတွင် ကောင်း မကောင်းဆုံးဖြတ်ခြင်း
ကြှနျုပျတို့၏ နေ့စဉ်ဘဝတွင် ဆုံးဖြတ်ချက်များစွာ ချနေကြပါသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ခရစ်ယာန် ကိုယ်ကျင့်တရားသည် ဘုရားသခင်ကို အခြေခံသောကြောင့် နေ့စဉ်ဘဝတွင် ကောင်း မကောင်း၊ လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ရာတွင် ဘုရားသခင်၏ သဘာဝ၊ ဘုရားသခင်သာဆိုလျှင် မည်သို့ ဆုံးဖြတ်မည် ဟူသော သိနားလည်ခြင်းအပေါ် အခြေခံမည် ဖြစ်ပါသည်။ သို့ရာတွင် မေးခွန်းထုတ်စရာ ရှိလာသည်မှာ ဘုရားသခင်ကို မည်သို့ သိနားလည်နိုင်မည်နည်း။ ဤအမေးခွန်း၏ အဖြေအပေါ် အခြေခံ၍ နေ့စဉ်ဘဝတွင် ကောင်း မကောင်း ဆုံးဖြတ်ပုံ နားလည်ပုံများ ကွဲသွားရခြင်း ဖြစ်ပါသည်။ အနည်းဆုံး အုပ်စု သုံးမျိုး ကွဲသွားနိုင်ပါသည်။
ပထမ အုပ်စုမှာ ဘုရားသခင်ကို ကျမ်းစာအားဖြင့်သာ သိနိုင်ပါသည် ဟု လက်ခံသော အုပ်စုဖြစ်ပါသည်။ ကျမ်းစာတွင် ဖော်ပြထားသော ဆောင်ရန် ရှောင်ရန်များသည် ဘုရားသခင်၏ သဘောတော်ပင်ဖြစ်ပါသည်။ ထို့ကြောင့် နေ့စဉ်ဘဝတွင် မည်သည့်အရာကို လုပ်သင့်သည် မည်သည့်အရာကို မလုပ်သင့်ပါ ဟု ဆုံးဖြတ်ရာတွင် ကျမ်းစာအပေါ်တွင်သာ အခြေခံမည် ဟု လက်ခံသော အုပ်စုဖြစ်ပါသည်။ အဆိုပါ အကြောင်းပြချက်မျိုးကို prescriptive motif ဟု ခေါ်ပါသည်။ လက်မထပ်မှီ လိင်ဆက်ဆံခြင်းသည် ကောင်း မကောင်း ဆုံးဖြတ်ရာတွင်လည်း အဆိုပါအုပ်စုသည် ကျမ်းစာ မည်သို့ဖော်ပြသည်ကို အခြေခံ၍ ဆုံးဖြတ်မည် ဖြစ်ပါသည်။
ဒုတိယ အုပ်စုမှ စဉ်းစားသည်မှာ လူသည် ဘုရားသခင် တနည်းအားဖြင့် ဘုရားသဘောကို ကျမ်းစာအားဖြင့်သာပဲ သိနိုင်သည်လား ဟူ၍ ဖြစ်ပါသည်။ ဘုရားသဘောကို ကျမ်းစာအားဖြင့်သာမက စဉ်းစားဆင်ခြင်တုံတရား (reason) ဖြင့် သိနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော ဘုရားသခင်သည် ပင် မူလ အခြေခံ ဆင်ခြင်တုံတရား (ultimate reason or pure reason) ဖြစ်သောကြောင့် ဖြစ်ပါသည်။ လူသားကို မိမိပုံသဏ္ဍာန်တော်နှင့် အညီ ဖန်ဆင်းသည် ဟု ဆိုခြင်းမှာ လူသားကို မိမိကဲ့သို့ စဉ်းစားဆင်ခြင်တုံတရား ပေးထားခြင်းဖြစ်ပါသည်။ ဆင်ခြင်တုံတရားဟု ဆိုရာ၌ ဒဿနိကဗေဒ သဘောသက်သက်မဟုတ်ဘဲ သိပ္ပံနည်းကျ စဉ်းစားခြင်း၊ ရုပ်လုံးဖော်ခြင်း အစရှိသည်တို့အထိ လွှမ်းခြုံပါသည်။ ထိုတရားဖြင့် ဘုရားသခင်ကိုတွေ့နိုင်သည် ဘုရားသဘောကို နားလည်နိုင်ပါသည်။ ထို့ကြောင့် ကောင်း မကောင်းဆုံးဖြတ်ရာတွင် ဆင်ခြင်တုံတရားဖြင့် လည်း ဆုံးဖြတ်နိုင်ပါသည်။ ထိုသို့ လက်ခံဆုံးဖြတ်ကြသူများကို deliberative thinkerများဟု ဆိုနိုင်ပါသည်။ လက်မထပ်မှီ လိင်ဆက်ဆံခြင်းသည် ကောင်း မကောင်း ဆုံးဖြတ်ရာတွင်လည်း အဆိုပါအုပ်စုသည် အဖက်ဖက်မှ အကျိုး အပြစ်များကို ချင့်ချိန်ပြီး ဆုံးဖြတ်ကြမည် ဖြစ်ပါသည်။
တတိယ အုပ်စု သည် ကောင်း မကောင်း ဆုံးဖြတ်ရာတွင် လျင်မြန်စွာ ဖြင့် ဘုရားသခင်ကို တိုက်ရိုက် ချဉ်းကပ် တုံ့ပြန်သော (immediate and direct response to God) နည်းကို အသုံးပြုကြသူများဖြစ်ပါသည်။ ၎င်းတို့ကို relational motif ဖြင့် ဆုံးဖြတ်ကြသူများဟု ဆိုနိုင်ပါသည်။ အဆိုပါ အုပ်စုမှ လက်ခံသည်မှာ ကျမ်းစာသည် ကိုယ်ကျင့်တရားနှင့်ပတ်သက်လာလျှင် အသေးစိတ် လမ်းညွှန်မှု ပေးမည် မဟုတ်ပေ။ ယျေဘူယျဆန်သော လမ်းညွှန်မှူသာ ပေးပါသည်။ ထို့ကြောင့် ကောင်း မကောင်း၊ လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ရာတွင် ကျမ်းစာမှ ထိုကဲ့သို့ ဖော်ပြထားသောကြောင့် ဟူသော အကြောင်းပြချက်ဖြင့် ဆုံးဖြတ်မည် မဟုတ်ဘဲ၊ ချက်ချင်းတွင် ပေါ်ပေါက်လာသော ဘုရား နှင့် မိမိအကြားက ဆက်နွယ်မှု၊ မိမိနှင့် အခြားလူ အကြားက ဆက်နွယ်မှု မေတ္တာတရားတို့ကို အခြေခံ၍ ဆုံးဖြတ်မည်ဖြစ်ပါသည်။ ထို့ကြောင့် လက်မထပ်မှီ လိင်ဆက်ဆံခြင်းသည် ကောင်း မကောင်း ဆုံးဖြတ်ရာတွင်လည်း အဆိုပါအုပ်စုသည် ဤဆက်ဆံခြင်းသည် အမြတ်ထုတ်လိုခြင်း၊ တစ်ဖက်သတ် လွှမ်းမိုးလိုခြင်းလား သို့မဟုတ် ချစ်ခြင်းမေတ္တာအထဲ မှ ထွက်ပေါ်လာသော အပြုအမူ ဆက်နွယ်မှု ဟုတ်မဟုတ် စဉ်းစားကြမည် ဖြစ်ပါသည်။
လိင်မှု နှင့် ဘဝ
လိင်မှုကိစ္စသည် ကြှနျုပျတို့ ဘဝအတွက် အလွန်ပင်အရေးပါသော အရာဖြစ်ပါသည်။ တနည်းအားဖြင့် ကြှနျုပျတို့၏ ဘဝတွင် ပျော်ရွှင်မှု ကျေနပ်မှုများကို ဖော်ပြသော အရာပင်ဖြစ်ပါသည်။ ကက်သလစ် ကိုယ်ကျင့်တရားဗေဒ ပညာရှင် ဖြစ်သော Christine Gudorf က လိင်မှုကိစ္စသည် လူသားတို့၏ ဘဝအခြေခံ ဖြစ်ပါသည်။ ၎င်းသည် ဦးနှောက်အလုပ်လုပ်ပုံ အပေါ် သက်ရောက်မှု ရှိသကဲ့သို့ ကြှနျုပျတို့ တစ်ဦးအပေါ် တစ်ဦး မည်သို့ နားလည်သည်၊ ကမ္ဘာကြီးကို မည်သို့နားလည်သည်ကိုပါ သက်ရောက်မှုရှိပါသည်။ ကြှနျုပျတို့၏ ဘဝ၊ အလုပ်အကိုင် ရွေးချယ်မှု အစရှိသည်အထိပါ သက်ရောက်မှု ရှိသည်။ ဟု ဆိုပါသည်။
တနည်းအားဖြင့် လိင်မှုကိစ္စသည် ဘုရားသခင် ကောင်းချီးပေးသနားသော အရာဖြစ်ပါသည်။ ပုံသဏ္ဍန်တော်နှင့်အညီ ဖန်ဆင်းထားသော လူသားဘဝတွင် လိင်မှုကိစ္စသည် အစိတ်အပိုင်းတစ်ခု အဖြစ်ပါဝင်နေသည်မှာ မကောင်းမှု အဖြစ်ပုံဖော်ရန် မဟုတ်ပေ။ ဘုရားသခင်၏ ရင်းနှီးမှု၊ သစ္စာရှိမှု၊ ချစ်မြတ်နိုးမှု နှင့် ဖန်တီးမှုတို့ကို ပုံဖော်ရန် ဖြစ်ပါသည်။
Jack Dominion ဟု ခေါ်သော ကက်သလစ် ဓမ္မဒဿန ပညာရှင် နှင့် စိတ်ပညာရှင်က လိင်ဆက်ဆံခြင်းသည် ဇီဝဗေဒ လုပ်ဆောင်ချက် တစ်ခုသာ မဟုတ်ဘဲ ထိုထက် များစွာ ပိုသည်ဟု ဆိုပါသည်။ Jack က ဆိုသည်မှာ....
၁။ လိင်ဆက်ဆံခြင်းသည် စုံတွဲအကြား ခန္ဓာက ပြောသော ဘာသာစကား တစ်ခုဖြစ်ပါသည်။ လိင်ဆက်ဆံသောအခါ တစ်ဦးအတွက် တစ်ဦး တည်ရှိနေမှုကို အချင်းချင်း ဝမ်းမြောက်ကာ သာယာမှုကို ဝေမျှခြင်းဖြစ်ပါသည်။ ထိုမှတစ်ဆင့် တစ်ဦးအပေါ်တစ်ဦး ဖြည့်ဆည်းပေးကာအချင်းချင်း ကျေးဇူးတင်မည်ဖြစ်ပါသည်။ ထို့ကြောင့်လိင်ဆက်ဆံခြင်းသည် ချစ်သူ နှစ်ဦးအကြား တစ်ဦးကို တစ်ဦး ကျေးဇူးပြုသောအပြုအမူ ဖြစ်ပါသည်။ (recurrent act of thanksgiving)
၂။ လိင်ဆက်ဆံခြင်းသည် မျှော်လင့်ခြင်းကို ပေးသော အပြုအမူဖြစ်ပါသည်။ စုံတွဲ နှစ်ဦး လိင်ဆက်ဆံခြင်းသည် တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှု ရှိသော လုပ်ရပ်ဖြစ်ပါသည်။ ထိုယုံကြည်မှုမှ တစ်ဆင့် သာယာမှုကို ဝေမျှကြကာ သည်တစ်ကြိမ်မှ နောက်တစ်ကြိမ် ထပ်ခါထပ်ခါ မျှော်လင့်ကြသော အပြုအမူဖြစ်ပါသည်။( recurrent act of hope)
၃။ လိင်ဆက်ဆံခြင်းသည် ခွင့်လွှတ်ခြင်း ပြန်လည်သင့်မြတ်ခြင်းကို ပေးသော အပြုအမူဖြစ်ပါသည်။( an act of reconciliation )စုံတွဲများတွင် နာကျဉ်ရသော အချိန်များ၊ ရန်ဖက်ဖြစ်ရသော အချိန်များရှိပါသည်။ ခွင့်လွှတ်ဖို့ရန် အရမ်းခက်ခဲသော အချိန်များရှိပါသည်။ ထိုသို့သော နာကျဉ်မှုများကို ဖြေဖျောက်ရန် တစ်ဦးနှင့်တစ်ဦး နက်နဲသောချစ်ခြင်း နှင့် ဆက်နွယ်မှု လိုအပ်ပါသည်။ ထိုသို့သော ဆက်နွယ်မှုသည် လိင်မှုကိစ္စမှ ရနိုင်ပါသည်။
၎။ လိင်ဆက်ဆံခြင်းသည် မိမိချစ်သူ ၏ လိင်မှုဆိုင်ရာ စရိုက်လက္ခဏာ ကို နားလည်နိုင်ပါသည်။
၅။ လိင်ဆက်ဆံခြင်းသည် နောက်ထပ် နောက်ထပ် မိမိချစ်သူ ကို မိမိလိုအပ်ခြင်း၊ ကျေးဇူးတင်ခြင်း၊ အသိအမှတ်ပြုခြင်းများကို ဖော်ပြနေခြင်း ဖြစ်ပါသည်။ (recurrent act of personal affirmation) ဟု ၎င်းက ဆိုပါသည်။
ထို့ကြောင့် လိင်ဆက်ဆံခြင်း ဟု ဆိုရာတွင် မကောင်းမှု တစ်ခုအဖြစ် ပုံဖော်ရန်မသင့်ဘဲ ဘဝတွင် အရေးကြီးသော အခန်းကဏ္ဍအဖြစ် ဘုရားသခင် ကောင်းကြီးပေးထားသည်ကို နားလည်သင့်ပါသည်။ ထိုနည်းတူစွာ လိင်ဆက်ဆံခြင်းသည် အမြတ်ထုတ်ရန်၊ ခေါင်းပုံဖြတ်ရန်၊ ကြောရရုံကြံစည်ရန်၊ သာယာမှုကို တစ်ဖက်သတ်ခံစားရန် နှင့် အကြမ်းဖက်ရန် အတွက် မဟုတ် ဆိုသည်ကိုလည်း နားလည်သင့်ပါသည်။
အိမ်ထောင်ပြုခြင်း နှင့် လိင်ဆက်ဆံခြင်း
ခရစ်ယာန် လိင်မှုဆိုင်ရာ ကိုယ်ကျင့်တရားနားလည်မှုကို အပိုင်းသုံးပိုင်းဖြင့် နားလည်နိုင်ပါသည်။ ဓမ္မသစ်ခေတ်မှ ဖော်ပြသော လိင်မှုဆိုင်ရာ ကိုယ်ကျင့်တရား၊ Augustine နှင့် Thomas Aquinas တို့မှ ပုံဖော်ခဲ့သော လိင်မှုဆိုင်ရာ ကိုယ်ကျင့်တရား နှင့် နှစ်ဆယ်ရာစုနှင့် နှောင်းပိုင်း နားလည်သော လိင်မှုဆိုင်ရာ ကိုယ်ကျင့်တရားတို့ ဖြစ်ပါသည်။
ဓမ္မသစ် နားလည်မှု တွင် လိင်မှုနှင့်ဆိုင်သော ကိုယ်ကျင့်တရားဟုဆိုရာတွင် တရားသော၊ အပြန်အလှန် လေးစားမှုရှိသော ဆက်နွယ်မှု ဖြစ်ပြီး အမျိုးသားလွှမ်းမိုးသော ဝါဒကို စိန်ခေါ်ခဲ့သော တရားဖြစ်ခဲ့ပါသည်။ ရှင်ပေါလု ကိုယ်တိုင် ပါဝါ အာဏာ ကို အသုံးပြု၍ အဓမ္မ အနိုင်အထက်ပြု၍ ကျင့်သုံးခဲ့သော လိင်ဆက်ဆံမှုကို ဆန့်ကျင် ပြောဆိုခဲ့ပါသည်။ (ရောမ ၁:၂၆၊ ၁ ကော ၆:၉၊ ၁တိ ၁:၁၀) အဆိုပါ အဖိနှိပ်ခံ လူတန်းစားဖက်မှ ရပ်တည်ခဲ့သော လိင်မှုဆိုင်ရာ ကိုယ်ကျင့်တရားသည် ကံမကောင်းစွာပင် မှေးမှိန်လာခဲ့ရပြီး နောက်ပိုင်းအသင်းတော်များတွင် အမျိုးသားကြီးစိုးသော လိင်မှုဆိုင်ရာနားလည်မှု လွှမ်းမိုးခဲ့သည်ကို တွေ့ရပါသည်။
အေဒီ ၄ ရာစု မှ အစပြုခဲ့သော ဩဂတ်စတင်း ၏ လိင်မှုဆိုင်ရာ ကိုယ်ကျင့်တရား နားလည်မှုသည် နောင် နှစ်ပေါင်းများစွာ အထိ ခရစ်ယာန်ကမ္ဘာကို လွှမ်းမိုးခဲ့ပါသည်။ ဩဂတ်စတင်းသည် Manichaeans မာနိခိရန် ဟူသော အယူဝါဒအကြားတွင် ခရစ်ယာန်ဓမ္မအတွေးအခေါ်ကို ဖော်ထုတ်ခဲ့ရသူ ဖြစ်ပါသည်။ မာနိခိရန် များက အိမ်ထောင်ပြုခြင်း၊ လိင်ဆက်ဆံခြင်း သည် မကောင်းမှု ဟု ယူဆကြပါသည်။ ထိုအချိန်တွင်မှ ဩဂတ်စတင်းက အိမ်ထောင်ပြုခြင်းသည် ကလေးမွေးဖွားရန် အတွက် ဖြစ်ပါသည်။ (Marriage for the procreation) အိမ်ထောင်ပြုခြင်းသည် သစ္စာသဘော ကို ဖော်ပြခဲ့သော်လည်း လိင်မှုကိစ္စ နှင့်
ပတ်သက်လာလျှင် ၎င်းသည်လည်း Manichaeans များနှင့် အသံတူ ခဲ့ပါသည်။ ထို့ကြောင့် လိင်ဆက်ဆံခြင်းသည် အိမ်ထောင်ပြုပြီး ကလေးမွေးဖွားရန်အတွက်သာ ဖြစ်သည်။ ထိုကဲ့သို့သောရည်ရွယ်ချက်ဖြင့် လိင်ဆက်ဆံခြင်းသည်သာလျှင် အပြစ်မှ ရှောင်လွဲနိုင်မည်ဟု ခရစ်ယာန် လိင်မှုဆိုင်ရာ ကိုယ်ကျင့်တရားကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုနားလည်မှုသည် ယခုအထိ ခရစ်ယာန်ကမ္ဘာတွင်ကျန်ရစ်နေခဲ့ပါသည်။
စက္ကရ မင်္ဂလာ* နှင့် ကျေးဇူးတော်
(* စာရေးသူသည် sacrament ကို စက္ကရမင်္ဂလာ ဟု မြန်မာမှု ပြန်ဆိုခြင်းဖြစ်ပါသည်။ စာရေးသူမှာ ကက်သလစ် အသင်းတော်၊ အင်္ဂလီကန်အသင်းတော်တို့၏ မြန်မာမှုပြုထားသော စကားလုံးအသုံးအနှုန်း နှင့် ရင်းနှီးမှု မရှိပါသဖြင့် စာရေးသူ သုံးနှုန်းသော စက္ကရမင်္ဂလာ အသုံးအနှုန်းသည် အဆိုပါအသင်းတော်တို့၏ အသုံးအနှုန်း နှင့် တူပြီး အဓိပ္ပာယ် ဆိုလိုရင်း မတူဘဲ အဆိုပါအသင်းတော်တို့၏ အသုံးအနှုန်းကို အဓိပ္ပာယ်တစ်လွဲကောက် ဖြစ်စေခဲ့ပါက ထိုကဲ့သို့ ရည်ရွယ်ခဲ့ခြင်း မဟုတ်သည်ကို နားလည်စေလိုပြီး၊အနူးအညွတ် တောင်းပန်အပ်ပါသည်။)
တောမတ်စ် အကွေးနပ်စ် Thomas Aquinas သည် ကက်သလစ် ခရစ်ယာန်တို့၏ ဦးဆောင် ဓမ္မအတွေးအခေါ်ပညာရှင် တစ်ဦးဖြစ်ပါသည်။ ၁၈၇၉ တွင် ပုပ်ရဟန်းမင်းကြီး Leo XIII မှ အကွေးနပ်စ်၏ သင်ကြားခြင်းများကို ကက်သလစ်အသင်းတော်၏ တရားဝင် သင်ကြားမှု အဖြစ် လက်ခံခဲ့ပါသည်။ တောမတ်စ် အကွေးနပ်စ်၏ ထင်ရှားသော အယူအဆများမှာ Thomism ဟု ခေါ်သော ဘုရားသခင်အပေါ် နားလည်သော နားလည်မှု၊ Natural Law ဟု ဆိုသော နားလည်မှု ၊Sacramental theology ဟု ခေါ်သော စက္ကရ မင်္ဂလာ နှင့်ဆိုင်သော ဓမ္မသဘော နှင့် မယ်တော် မာရိ နှင့်ဆိုင်သော doctrine of immaculate conception of Mary ဟူသော ဓမ္မသဘော ဖြစ်ပါသည်။
အကွေးနပ်စ် က စက္ကရမင်္ဂလာ သည် စွမ်းအင်ရှိပါသည်။ ထိုအထဲတွင် ကျေးဇူးတော်ရှိပါသည်။ ထိုကျေးဇူးတော် အားဖြင့်သာ ကယ်တင်ခြင်းရသည် ဟု ဆိုပါသည်။ ထို့ကြောင့် စက္ကရ မင်္ဂလာ sacrament သည် အလွန်ပင် အရေးပါ ပါသည်။ ကယ်တင်ခြင်းရရန် အလို့ဌာ စက္ကရမင်္ဂလာသည် လိုက်နာရမည့် အရာဖြစ်လာပါသည်။ Holy matrimony သန့်ရှင်းစွာ အိမ်ထောင်ပြုခြင်းသည် လည်း စက္ကရမင်္ဂလာ တစ်ပါး ဖြစ်လာပါသည်။ သန့်ရှင်းစွာ အိမ်ထောင်ပြုခြင်း ဟု ဆိုရာ၌ လက်မထပ်ခင် လိင်မှု ဆက်ဆံခြင်း မပြုခြင်း လည်း အပါအဝင် ဖြစ်ပါသည်။
ဤသည်မှာ ဩဂတ်စတင်း၏ လွှမ်းမိုးမှု ကြောင့် ဟု ဆိုနိုင်သကဲ့သို့ အကွေးနပ်စ် ၏ Natural Law နားလည်မှုကြောင့်လည်း ဖြစ်နိုင်ပါသည်။ အကွေးနပ်စ် က Law 3 ခု ရှိသည်ဟု ဆိုပါသည်။ Eternal Law, Natural Law နှင့် Divine Law ဟူ၍ ဖြစ်ပါသည်။ အကွေးနပ်စ်၏ Natural Law နားလည်မှုကို အလွယ်ဆိုရသော် သဘာဝတရားကြီးသည် လူသားတို့အတွက် ဥပဒေဿ တန်းတူ ပြဌာန်းထားပါသညါ။ အဆိုပါ သဘာဝတရားကြီးမှ ပြဌာန်းထားသော ဥပဒေသများကို လိုက်နာပါက သမ္မာတရားကို တွေ့နိုင်လိမ့်မည် ဟု နားလည်ခြင်းဖြစ်ပါသည်။
အမျိုးသားများသည် အမျိုးသမီးများနှင့် လိင်ဆက်ဆံခြင်းသည် သဘာဝတရားဖြစ်ပါသည် ဟု နားလည်ပါသည်။ လိင်ဆက်ဆံရခြင်း၏ ရည်ရွယ်ချက်မှာ ကလေးမွေးဖွားရန်အတွက် ဆိုသည်မှာ သဘာဝ ဖြစ်ပါသည် ဟု နားလည်ပါသည်။ မဟုတ်လျှင် သဘာဝ တရား Natural Law ကို ဆန့်ကျင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်တားခြင်း ဖျက်ချခြင်း အစရှိသည်တို့ကို ကက်သလစ် အသင်းတော်မှ ခွင့်မပြုခြင်းဖြစ်ပါသည်။ ထိုနည်းတူ လက်မထပ်မှီ လိင်ဆက်ဆံခြင်းသည်လည်း စက္ကရမင်္ဂလာကို ချိုးဖောက်ရာ ဖြစ်ပြီး ကယ်တင်ခြင်းလမ်းနှင့် ဝေးနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သဘာဝတရားကြီး နှင့် လွဲချော်သောကြောင့် ဟု အကွေးနပ်စ်က ယုံကြည်သောကြောင့်ဖြစ်ပါသည်။
ထို့ကြောင့် ခရစ်ယာန်ကမ္ဘာတွင် လက်မထပ်မှီ လိင်ဆက်ဆံခြင်းသည် မကောင်း ပါ ဆိုသော လိင်မှုဆိုင်ရာ ကိုယ်ကျင့်တရားနားလည်မှုသည် ဩဂတ်စတင်း နှင့် တောမတ်စ် အကွေးနပ်တို့၏ နားလည်မှုကို အခြေခံသည် ဟု ဆိုနိုင်ပါသည်။ မာတင်လူသာသည် ကက်သလစ် အသင်းတော်ကို ပြင်ဆင်ဖို့ ကြိုးစားရင်း၊ ၎င်း၏ နောက်လိုက်များသည် ကက်သလစ်အသင်းတော်မှ ခွဲထွက်ကာ ပရိုတက်စတင့် များ ဖြစ်လာပါသည်။ ပရိုတက်စတင့် များသည် ကက်သလစ်အသင်းတော်မှ စက္ကရမင်္ဂလာ နှစ်ပါးကို ပုံဆောင်သော မင်္ဂလာ (symbolic) အဖြစ် ယူဆောင်လာခဲ့ပါသည်။ ထို နှစ်ပါးမှာ ဗတ္တိဇံ မင်္ဂလာ နှင့် ပွဲတော် မင်္ဂလာ သာ ဖြစ်ပါသည်။
မြန်မာ့လူ့အဖွဲ့အစည်း နှင့် လိင်မှုဆိုင်ရာ နားလည်မှု
အာရှ ယဉ်ကျေးမှုသည် ကောင်းမွန်သည့် အချက်များစွာရှိသည့် ယဉ်ကျေးမှုရှိဖြစ်ပါသည်။ သို့ရာတွင် အားနည်းချက်များလည်း များစွာရှိပါသည်။ အမျိုးသားကြီးစိုးသော ဝါဒ patriarchy သည် အနောက်တိုင်းတွင် ထွန်းကားသကဲ့သို့ အာရှတွင် လည်း ထွန်းကားကာ အရုပ်ဆိုးစေသော ယဉ်ကျေးမှု ဖြစ်ပါသည်။
လိင်မှု ကိစ္စ ဟု ဆိုရာတွင်လည်း အမျိုးသားသာလျှင် အသာရသည့် အမှုကိစ္စဟု နားလည်ပါသည်။ အမျိုးသားနှင့် အမျိုးသမီး လိင်မှုစပ်ရှက်သော် အပြန်အလှန် လေးစားသည့် တန်းတူ ဝေမျှသည့် ချစ်ခြင်းမေတ္တာ အပြုအမူဟု နားမလည်ဘဲ အမျိုးသား မှ အနိုင်ရသည်၊ အင်အားကြီးသူမှ အသာရသည် ဟူသော နားလည်မှုမျိုးဖြစ်ပါသည်။
ချစ်ခြင်းမေတ္တာမှ ပေါက်ပွါးလာသော တရားမျှတသော အပြုအမူ အနှစ်သာရ အရသာ မဟုတ်တော့ဘဲ အနိုင်ယူခြင်း၊ အနိုင်ပိုင်းခြင်း စသော တရားမမျှတမှု အနှစ်သာရဆီသို့ ပြောင်းလဲသွားပါသည်။ အိမ်ထောင်သည် ဘဝတွင်လည်း လိင်မှုကိစ္စသည် အမျိုးသားကသာ တစ်ဖက်သတ် ဆုံးဖြတ် ဦးဆောင်ရသော ကိစ္စတစ်ခု ဖြစ်လာပါသည်။
တန်ဖိုးဟု ဆိုရာတွင်လည်း အမျိုးသမီးသည် အိမ်ထောင်ပြုသည်အထိ မိမိ၏ Virgin ဖြစ်မှုကို ထိန်းသိမ်းရန် လိုအပ်ပြီး အမျိုးသားသည် Virgin ဖြစ်မဖြစ် အရေးမကြီးပေ။ Patriarchy လွှမ်းမိုးမှုမှ ပေါ်ပေါက်လာခဲ့သော နောက်ဆက်တွဲ လိင်မှုဆိုင်ရာ ကိုယ်ကျင့်တရား အနေဖြင့် အမျိုးသမီးသည် အိမ်ထောင်မပြုခင် လိင်ဆက်ဆံမှု ပြုခြင်းသည် မကောင်း ဟု လူ့အသိုင်းအဝိုင်းမှ လက်ခံလာခဲ့ခြင်းဖြစ်ပါသည်။
မြန်မာ ခရစ်ယာန် နားလည်မှု
ခရစ်ယာန် ဆိုသည်မှာ မြန်မာပြည်သို့ တစ်ခြားဂြိုလ်မှ ရောက်ရှိလာခဲ့ခြင်းမဟုတ်ပေ။ မြန်မာ့လူ့အဖွဲ့အစည်းမှ လူသားများမှ ခရစ်ယာန်ဖြစ်လာကြခြင်းဖြစ်ပါသည်။ ထိုအခါ တစ်ဖက်တွင်လည်း ရှိနှင့်နေပြီးသော လက်ခံခဲ့ပြီးသော Patriarchy ယဉ်ကျေးမှုအတွင်း ကူးလူးဆက်နွယ်နေရသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ခရစ်ယာန် Dogmatic ယုံကြည်ချက်များတွင်လည်း သက်ဝင်လှုပ်ရှားရပါသည်။ အာရှ နှင့် မြန်မာ့ယဉ်ကျေးမှုတွင် Patriarchy သဘောအရ တည်ဆောက်ခဲ့သော လက်မထပ်ခင် အပျိုရည် ထိန်းသိမ်းခြင်း ဓလေ့သည် ကံအားလျော်စွာပင် ခရစ်ယာန် ယုံကြည်မှု တည်ဆောက်ရာတွင် ပုံသွင်းခဲ့သော လက်မထပ်မီ အတူမနေရသော လိင်မှုဆိုင်ရာ ကိုယ်ကျင့်တရားနှင့် ကွာခြားမှု ကြီးကြီးမားမား မရှိခဲ့သောအခါ မြန်မာ ခရစ်ယာန်များ အကြားတွင် လူ့အဖွဲ့အစည်း ကျင့်ဝတ် နှင့် ဘာသာတရား ကျင့်ဝတ်အကြား အပြင်းအထန် လွန်ဆွဲစရာ မလိုဘဲ ရေစုန်မျောလိုက်စရာ အကြောင်းဖြစ်လာခဲ့ပါသည်။
ထို့ကြောင့် လက်မထပ်မီ အတူနေခြင်းသည်ပင် ခရစ်ယာန် ကိုယ်ကျင့်တရား ဗေဒ သဘောအရာ မကောင်းပါ၊ အပြစ်ဟု အလွယ်တကူ လက်ခံစရာ ဖြစ်လာခဲ့ပါသည်။ တစ်ဖက်တွင်လည်း ဘာသာစကား ပြသနာ ဖြစ်ပါသည်။ မတရားသော မေထုန် ဟူသော နေရာတွင် ပို၍ တိကျသော၊ မူရင်းအဓိပ္ပာယ် နှင့် အနီးစပ်ဆုံးတူညီသော စကားလုံးကို ဘာသာပြန်ဆိုနိုင်ခြင်း မရှိခဲ့သောအခါ လုံးကောက် ဖတ်တတ်သော ဓလေ့ နှင့် မိမိတွင်ရှိပြီးသား ယဉ်ကျေးမှု နားလည်မှု အခံဖြင့် ဆက်စပ်တွေးခေါ် လိုက်သော အခါ လက်မထပ်မီ လိင်မှုဆက်ဆံခြင်း၊ လိင်တူခြင်း ချစ်ကြိုက်ခြင်းသည် မကောင်းမှု ဟု တိုက်ရိုက်လက်ခံရန် ဖြစ်လာရခြင်းဖြစ်ပါသည်။
အခြားသော ရှုထောင့်
လက်မထပ်မီ လိင်ဆက်ဆံခြင်း နှင့် ပတ်သက်၍ အခြားသော ရှုထောင့်များစွာ လည်း ရှိပါသေးသည်။ လက်မခံရခြင်း အကြောင်းမှာ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကူးစက်နှုန်း မြင့်မားလာခြင်း၊ လက်ထပ်ပြီး အတည်တကျ မဖြစ်သေးခင် ကလေးမွေးဖွားလာနိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှု နုနယ်သေးသော လူငယ်များအနေဖြင့် လိင်မှုဆိုင်ရာ ခံစားမှု မြင့်မားလာခြင်း နှင့် အိမ်ထောင်ကွဲခြင်းနှုန်း မြင့်မားခြင်းကြောင့် စာရိတ္တပိုင်းဆိုင်ရာ အမြင်အရ လက်မထပ်မီ လိင်ဆက်ဆံခြင်းသည် မကောင်းပါ ဟု ဆိုရခြင်းလည်း ဖြစ်နိုင်ပါသည်။
တရားမျှတသော လိင်မှုဆီသို့
လိင်မှုဆက်ဆံခြင်းမှရလာသော သာယာမှုသည် ဘုရားသခင် လူတိုင်းကို ပေးသနားသော ကောင်းချီးမင်္ဂလာ ဖြစ်ပါသည်။ အဆိုပါ ကောင်းချီးမင်္ဂလာ နှင့်အတူ လူသားတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှု နှင့် ချစ်ခြင်းမေတ္တာသည် တစ်ဆက်တည်းပါလာသော ဝတ္တရားများဖြစ်ပါသည်။ လိင်ဆက်ဆံခြင်းတွင် တစ်ဖက် မှ တစ်ဖက်သို့ အရာဝတ္တုပစ္စည်းသဖွယ် ပြုမူခြင်းသည် ဘုရားသခင်၏ မူလရည်ရွယ်ချက်ကို ဖျက်ဆီးခြင်းဖြစ်ပါသည်။ လိင်မှု ဆိုသည်မှာ နက်နဲသော ချစ်ခြင်းမေတ္တာ မှ ပေါက်ဖွားလာသော အလှပဆုံး ဖော်ပြမှု တစ်ခုဖြစ်ပါသည်။
သို့သော် လူသားတို့သည် လိင်မှု ဟု ဆိုရာ၌ မူလ အနှစ်သာရထက် အနိုင်ယူခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ တန်ဖိုးမထားခြင်း တို့ သာ နေရာယူလာပါသည်။ လက်မထပ်မီ လိင်ဆက်ဆံခြင်းသည် မှားယွင်းပါသည် ဟု ဆိုသော အမြင်၌ပင် လိင်မှုဆက်ဆံခြင်းကို မှန်ကန်စွာ နားလည်ခြင်း မလည်ခြင်းထက်၊ အခြားသော အကြောင်းပြချက် များဖြင့်သာ ဤအမြင်ကို လက်ခံကြသည်များ ရှိနိုင်ပါသည်။ လိင်မှုဆိုင်ရာသည် အသုံးချခံတန်ဖိုးတစ်ခုအဖြစ်နားလည်ခြင်း ဖြစ်ပါသည်။ ကယ်တင်ခြင်း ဆိုသော ရလာဒ်တစ်ခုရရန် လက်မထပ်ခင် လိင်မဆက်ဆံ ဟူသော တန်ဖိုးတစ်ခုကို အစားထိုးပေးခြင်း ဖြစ်နိုင်ပါသည်။
ထိုနည်းတူစွာပင် လက်မထပ်ခင် လိင်မှုပြုခြင်းကို လက်ခံသူများသည်လည်း မိမိ တို့၏ လိင်မှုဆိုင်ရာများကို အလွဲသုံးစားပြုလုပ်နိုင်သည် ဟူသော သဘောမဟုတ်ပေ။
အိမ်ထောင်မပြုခင် လိင်ဆက်ဆံ သည် ဖြစ်စေ၊ အိမ်ထောင်ပြုပြီးမှ လိင်ဆက်ဆံသည် ဖြစ်စေ ချစ်ခြင်းမေတ္တာ၊ တရားမျှတခြင်း၊ အပြန်အလှန်လေးစားမှု၊ တစ်ဦးအခွင့်အရေးကို တစ်ဦးက နားလည်ခြင်း စသည်တို့ကို လျစ်လျူရှုသော လိင်ဆက်ဆံခြင်းသည် မှန်ကန်သည် ကောင်းမွန်သည် ဟု မဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်ကိုယ်ကျင့်တရား နားလည်မှုသည် ဘုရား၊ တရား၊ ဓမ္မကို အခြေခံသော နားလည်မှု ဖြစ်သောကြောင့်ဖြစ်ပါသည်။
နိဂုံး
ဤဆောင်းပါးအစကပင် ဤဆောင်းပါးသည် အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းကို အပြစ်ရှိသည် သို့မဟုတ် အပြစ်မရှိပါ ဟု ဆုံးဖြတ်ပေးမည့် စာစုမဟုတ်ဟု ဆိုခဲ့ပြီးဖြစ် ပါသည်။ လိင်မှုကိစ္စသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ရင်းနှီးမှု၊ သစ္စာရှိမှုနှင့် ဖန်တီးမှုတို့ကို ပုံဖော်ရန် ဖြစ်သည် ကို နားလည်ပြီး၊ ခရစ်ယာန်သမိုင်းတွင် လက်မထပ်မှီ လိင်ဆက်ဆံခြင်းသည် အပြစ်ဖြစ်သည်ဟု မည်သို့ ပုံဖော်လာခဲ့သည်ကို သိစေရန် ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ မည်သည့် ချဉ်းကပ်မှုမျိုး (Prescriptive motif, Deliberative motif, Relational motif) ဖြင့် ချဉ်းကပ် ဆုံးဖြတ်သည် ဖြစ်ပါစေ လိင်မှု ဆက်ဆံရေးသည် တရားမျှတသော ချစ်ခြင်းမေတ္တာကို အခြေခံသောဆက်ဆံရေး ဖြစ်ရန်လိုအပ်ပါသည်။
အိမ်ထောင်မပြုမီ လိင်ဆက်ဆံခြင်းသည် တစ်ဖက်သတ် ရယူလိုမှု၊ အသုံးချလိုမှု၊ ကြောရရုံ ကြံစည်လိုမှု၊ လက်တည့်စမ်းလိုမှုတို့ ဖြင့် လွှမ်းခြုံနေပါက မှန်ကန်သည်ဟု မဆိုနိုင်သကဲ့သို့ အိမ်ထောင်ပြုပြီးမှ လိင်ဆက်ဆံသော်လည်း ပစ္စည်းတစ်ခုကဲ့သို့ ပြုမူခြင်း၊ တန်ဖိုးထားမှုမရှိခြင်း၊ သစ္စာမရှိခြင်း၊ တစိဦးအခွင့်အရေး ကို တစ်ဦးကတန်ဖိုးမထားပါက မှန်ကန်သည့် လိင်မှုဟု မဆိုနိုင်ပေ။
ထို့အပြင် အိမ်ထောင်မပြုမှီ လိင် မဆက်ဆံခြင်းသည် ကယ်တင်ခြင်းရရန်အတွက် စတေးလိုက်သော အစားထိုးပစ္စည်းတစ်ခု၊ တန်ဖိုးလဲလှယ်လိုက်သော ဘုရားသခင်၏ လက်ဆောင် မဖြစ်သင့်ပေ။
မီးခိုးရောင် ဧရိယာထဲတွင် ရုန်းကန်လျက် ပိုမိုကောင်းမွန်သော လူမှုဝန်းကျင် လိင်မှုကိုယ်ကျင့်တရားကို တည်ဆောက်သော ခရစ်ယာန်များ ဖြစ်ရန် လိုအပ်လျက်ရှိပါတော့သည်။
ကျမ်းကိုး
1. Dennis P Hollinger. Choosing the Good: Christian Ethics in A Complex World. Grand Rapids: Baker Academic, 2002.
2. Joe Jenkins. Contemporary Moral Issues. Oxford: Heinemann,1997.
3.Marvin M Ellison. Erotic Justice: A Liberating Ethics of Sexuality. Louisville: Westminster John Knox Press, 1996.
4.Patrick T McCormick and Russell B Connors, Jr. Facing Ethical Issues: Dimension of Character, Choices and Community. New Jersey: Paulist Press. 2002.
Credit: OIKOs Theological Articles
Comments
Post a Comment